
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မောင်သစ္စာ(ရန်ကင်း)
၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်မှာရှိတဲ့ SC Auto (Myanmar) Co., Ltd ရဲ့ မော်တော်ကားစက်ရုံဖွင့်ပွဲအခမ်းအနားမှာ SC NEUSTAR အမှတ် တံဆိပ်ဘတ်စ်ကား ၃ စီးနဲ့ မြန်မာပြည်သူများကို မိတ်ဆက်ပေးခဲ့ပါပြီ။
SC Auto စက်ရုံဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ဖြင့် စင်ကာပူနိုင်ငံမှ ရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံပြီး ခရီးသည်တင်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေတဲ့စက်ရုံဖြစ်ပါတယ်။
အဆိုပါဖွင့်ပွဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဉီးသောင်းထွန်းက နည်းပညာ မြင့်မားပြီး အရည်အသွေးရှိသောလုပ်ငန်းများ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ခြင်းကို ကြိုဆို ကြောင်း၊ ကော်မရှင်က မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး မကြာမီကာလအတွင်း Complete Knocked–Down (CKD)စနစ်ဖြင့် ထုတ်လုပ်နိုင်ဖို့ အားပေးဆောင်ရွက်နေကြောင်း၊ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှ ပြည်တွင်း SMEs နဲ့ Supported Industry များ ဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ SC Auto စက်ရုံဟာ CKD စနစ်နဲ့ထုတ်လုပ်နေပြီး အထူးသဖြင့် အရည်အသွေးပြည့်ဝတဲ့ ဥရောပစံချိန်မီ SC NEUSTAR အမှတ်တံဆိပ်မော်တော်ယာဉ်များ ထုတ်လုပ်နေပြီဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်ရလို့ ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ SC Auto စက်ရုံက ဘတ်စ်ကားတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ Made In Myanmar အနေနဲ့ပြည်တွင်းသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချမယ့် ပထမဉီးဆုံး ဘတ်စ်ကား ထုတ်လုပ်သူလည်းဖြစ်လို့ ကြိုဆိုအားပေးလျက်ရှိကြောင်း ပြောကြားသွားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းကလည်း ဥရောပစံချိန်မီ မော်တော်ယာဉ်များကို ပြည်တွင်းသာမက အာရှနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ထုတ်လုပ်လျက်ရှိတဲ့အတွက် အထူးပင်ဝမ်းသာ ဂုဏ်ယူမိပါကြောင်း ပြောကြားသွားတာ တွေ့ရပါတယ်။ အဆိုပါအခမ်းအနားသို့ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Vanessa Chan လည်းတက်ရောက်ခဲ့ပြီး စက်ရုံမန်နေဂျင်းဒါရိုက်တာ Ms. Rachel Lee က စက်ရုံ သမိုင်းကြောင်းနဲ့ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ စက်ရုံ ဖွင့်ပွဲသို့ ပြည်ပမှရင်းနှီးမြှုပ်နှံသူများ၊ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ စုစုပေါင်း ၃၇၀ ဉီးခန့် တက်တက်ကြွကြွ အားပေးတက်ရောက် ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။
SC Auto စက်ရုံရဲ့ ခရီးအစကတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကြမ်းများနှင့် နည်းပညာကို အီးယူနိုင်ငံများမှရယူပြီး လက်ရှိမှာတော့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဝန်ထမ်း ၈၀ ဉီး၊ ရုံးလုပ်ငန်းနှင့် Marketing ပိုင်းဆိုင်ရာဝန်ထမ်း ၂၀ ဉီး စုစုပေါင်း ဝန်ထမ်း ၁၀၀ ဉီးနဲ့ လုပ်ငန်းစတင်လည်ပတ်ကာ ၂၀၁၉ ခုနှစ် မေလတွင် ဘတ်စ်ကား ၃ စီးကို ထုတ်လုပ်၍ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။
စက်ရုံကို စင်ကာပူနိုင်ငံက မော်တော်ယာဉ်ထုတ်လုပ်ခြင်းဆိုင်ရာကျွမ်းကျင်သူများ၊ စင်ကာပူ နိုင်ငံမှာ အနည်းဆုံးလုပ်သက် ၁၀နှစ်နဲ့အထက် လုပ်ငန်းခွင်အတွေ့အကြုံရှိခဲ့တဲ့ မြန်မာကျွမ်းကျင် အလုပ်သမားများကို ပြန်လည်ခေါ်ယူခန့်ထားပြီး လုပ်ငန်းကိုစတင်ခဲ့တာဖြစ်တယ်။ ရာထူး အဆင့်ဆင့်တွေမှာ မြန်မာဝန်ထမ်းများစွာ ပါဝင်လုပ်ကိုင်နေတာကိုတွေ့ရတဲ့အတွက် နည်းပညာ မြင့်မားတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှုကိုလည်း ဝမ်းသာကျေနပ်မိပါတယ်။
ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင်လည်း စင်ကာပူနိုင်ငံမှာရှိတဲ့ SC Auto (Singapore) စက်ရုံကဲ့သို့ပင် မြန်မာနိုင်ငံမှာ လာရောက်တပ်ဆင်ထုတ်လုပ်တာဖြစ်တယ်။ နောက်ဆုံးပေါ်နည်းပညာနဲ့ စက်ပစ္စည်းတွေတပ်ဆင်တည်ဆောက်ထားတာဖြစ်ပြီး 2 D လေဆာသုံး သံပြားပုံဖော်ဖြတ်တောက်ခြင်း၊ အော်တိုမတ်တစ် ဝါယာကြိုးဖြတ်တောက်ခြင်းနဲ့ စစ်ဆေးခြင်း၊ ဘတ်စ်ကားစမ်းသပ်ခြင်း၊ ကားဆေးမှုတ်ရုံများအပါအဝင် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခုလုံးကို အဆင့်မြင့် Computer Program အသုံးပြုပြီး ဆောင်ရွက်နေတာတွေ့ရပါတယ်။ ထုတ်လုပ်ရာမှာအသုံးပြုတဲ့သံချောင်းတွေကို Tensile Strength မြင့်မားတဲ့ Stainless Steel ကို ဖင်လန်နိုင်ငံက တင်သွင်းအသုံးပြုတာဖြစ်တဲ့အတွက် မော်တော်ကားတွေကို သက်တမ်းကြာရှည်စွာ သုံးစွဲနိုင်မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ ဒါကြောင့် SC Auto က မော်တော်ယာဉ်ထုတ်လုပ်ခြင်း ကို ဉရောပစံချိန်စံညွှန်းနဲ့အညီ အသိအမှတ်ပြုလက်မှတ်များရရှိထားတဲ့အတွက် အရည်အသွေးနဲ့ ဘေးကင်းလုံခြုံစိတ်ချရမှုမှာ အားသာချက်များစွာရှိတဲ့ စက်ရုံတစ်ရုံဖြစ်ကြောင်း သုံးသပ်မိပါတယ်။
SC Auto ကဲ့သို့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက မြန်မာနိုင်ငံကိုလာပြီး စက်ရုံသစ် လာရောက်ဖွင့်လှစ်ခြင်းဖြင့် မြန်မာဝန်ထမ်းများ အလုပ်အကိုင်ပိုမိုရရှိစေခြင်း၊ ကျွမ်းကျင် ဝန်ထမ်းများ ပိုမိုတိုးပွားလာစေခြင်းတို့အပြင် လာရောက်တဲ့ရင်းနှီးမြှုပ်နှံသူအတွက်လည်း လုပ်အားခ သက်သာစေခြင်း၊ နွေးထွေးသောဆက်ဆံရေးရရှိခြင်း၊ အာဆီယံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ရဲ့ အခွင့်အလမ်းကောင်းများရရှိစေခြင်း စတဲ့ နှစ်ဉီးနှစ်ဖက်အကျိုးကျေးဇူးများ ရရှိစေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးတွေရရှိနိုင်တာကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ များက မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ခြင်းဟာ ဈေးကွက်ကိုထိုးဖောက်နိုင်မယ့် အားသာချက် များနဲ့အတူ နိုင်ငံတကာကိုတင်ပို့နိုင်ဖို့ ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း စက်ရုံ မန်နေးဂျင်းဒါရိုက်တာ Ms. Rachel Lee ရဲ့ ရှင်းလင်းတင်ပြချက်များက ဖော်ညွှန်းပြနေပါတယ်။
SC Auto စက်ရုံက မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ လမ်းအနေအထားများနဲ့ ကိုက်ညီတဲ့ ဘတ်စ်ကား တွေကို ပထမဉီးဆုံးထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ဝန်ထမ်းများတိုးမြှင့်ခန့် ထားပြီး 55 Seaters SC Auto Brand Bus/ Coaches အစီး ၁၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာမှာ မြန်မာဝန်ထမ်းများရဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ အဆင့်မြင့်စက်ကိုင်တွယ်အသုံးပြုနိုင်မှုနဲ့ စိတ်အားထက်သန်မှုတွေကြောင့် နောင်လာ မယ့် ၄ နှစ်တာအတွင်း ဝန်ထမ်းပေါင်း ၄၀၀ ကျော်အထိ ခန့်အပ်ပြီး မော်တော်ကားများ တိုးချဲ့ ထုတ်လုပ်မှာဖြစ်ကြောင်း စက်ရုံရဲ့ အနာဂတ်မျှော်မှန်းချက်ကိုသိရတဲ့အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း သုံးသပ်မိပါတယ်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်လျက်ရှိရာ နိုင်ငံတကာမှ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း၌ လာရောက်မြှုပ်နှံကြရန် များစွာစိတ်ဝင်စားလျက်ရှိတာကို တွေ့ရပါတယ်။ SC Auto ကဲ့သို့ အရည် အသွေးပြည့်ဝသည့် Quality Investment များလာရောက်ခြင်းဖြင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး မော်တော်ကားအစိတ်အပိုင်းများ တိုးမြှင့်ထုတ်လုပ်လာ နိုင်မှာဖြစ်ပါတယ်။
SC Auto စက်ရုံက ပြည်တွင်း၌ Supported Industry များ ပိုမိုဖွံ့ဖြိုးလာအောင် Complete Knocked–Down (CKD) စနစ်နဲ့ စတင်ထုတ်လုပ်နိုင်တဲ့ စက်ရုံတစ်ရုံဖြစ်တဲ့အတွက် ကြိုဆိုအားပေး ရမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပထမဆုံး အရည်အသွေးပြည့်ဝတဲ့ ဥရောပစံချိန်မီ SC NEUSTAR အမှတ်တံဆိပ်မော်တော်ယာဉ်များကို ပြည်တွင်းမှာထုတ်လုပ်ပြီး အာရှနဲ့ဥရောပနိုင်ငံများ သို့ တင်ပို့မယ့်ထူးခြားတဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေး ကဏ္ဍရဲ့ အဆင့်မြင့်ဘတ်စ်ကားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် ရေရှည်မှာများစွာအကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်းတင်ပြရင်း မိတ်အင်မြန်မာ (Made in Myanmar) SC NEUSTAR မော်တော်ယာဉ်များကို ကြိုဆိုလိုက်ရပါတယ်။