
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၂၀၁၈ ခုနှစ် ကမ္ဘာ့ကားစျေးကွက်စာရင်းအင်း အချက်အလက်များအရ Toyota သည် ကမ္ဘာ့စျေးကွက်၏ ၉.၄၆ ရာခိုင်နှုန်း၊ Volkswagen မှ ၇.၃၈ ရာခိုင်နှုန်းနှင့် Ford မှ ၅.၈၃ ရာခိုင်နှုန်း တို့ဖြင့် ရပ်တည်လျက်ရှိပါသည်။ ကမ္ဘာ့စျေးကွက် ပထမရရှိထားသည့် တိုယိုတာမှ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ မော်တော်ကားကဏ္ဍ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံ တိုယိုတာမော်တော် ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ၍ မော်တော်ကားများထုတ်လုပ်မည့် သတင်းကို ဂျပန်သတင်းစာများတွင် သာမက မြန်မာမီဒီယာအများစု၌လည်း ကျယ်ကျယ်ပြန့်ပြန့်ရေးသား ဖော်ပြနေကြပါသည်။ တိုယိုတာအမှတ်တံဆိပ်ကို ရှေးယခင်ကပင် မြန်မာလူမျိုးတို့ အသိများကြပါသည်။ တိုယိုတာ မော်တော်ကားများကို မြန်မာပြည်သူများ အကြိုက်များကြသကဲ့သို့ အမှန်တကယ်လည်း အရည်အသွေးပိုင်း၌ တိတိကျကျထိန်းသိမ်းထားနိုင်သည့် ကုမ္ပဏီဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီ မော်တော်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာမော်တော်ကော်ပိုးရေးရှင်းသည် ရောင်းချပြီးတိုယိုတာ မော်တော်ကားများ၏ ပျက်စီးချို့ယွင်းမှုများကို ပြန်လည်လဲလှယ်ပေးခြင်း၊ ပြုပြင်ပေးခြင်းနှင့် အသစ်အစားထိုးပေးခြင်း စသည့်အာမခံပေးခြင်းဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိ ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းကိုလည်း လေ့လာကြားသိဖူးပါသည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းကားစျေးကွက်ဝယ်လိုအား တစ်ဟုန်ထိုး တိုးတက်မြင့်မားလာခဲ့ပါသည်။ တိုယိုတာ(မြန်မာ)၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်၌ ပြည်တွင်းစျေးကွက်ဝယ်လိုအားမှာ ကားစီးရေ ၁၈,၀၀၀ ရှိခဲ့ပြီး ယခင်နှစ်များထက် ၂.၁ ဆ ကျော် တိုးတက်လာကြောင်း သိရပါသည်။ ယခင်က မြန်မာပြည်သူများအနေဖြင့် တိုယိုတာ Second Hand မော်တော်ကားများကို တင်သွင်းအသုံးပြုနေရာမှ ယခုအခါတွင် မြန်မာနိုင်ငံစျေးကွက်၌ Toyota Hilux, Viosနှင့် Rush စသည့် မော်တော်ယာဉ်အမျိုးအစားများကို တိုယိုတာက စက်ရုံလာရောက် တည်ထောင်၍ ထုတ်လုပ်တော့မည် ဖြစ်သည့်အတွက် မြန်မာပြည်သူများအနေဖြင့် ယုံကြည်စိတ်ချ စွာဖြင့် ပိုမိုရွေးချယ်အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်လည်း မေလ ၃၀ ရက်နေ့က လာရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်သတင်း ထုတ်ပြန်ချက်များအရသိရှိ ရပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama လည်း လိုက်ပါခဲ့ပြီး Toyota Motor Asia & Pacific Pte Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Susumu Matsuda က တိုယိုတာကုမ္ပဏီမှ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေများကို လာရောက် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဉီးသောင်းထွန်းက တိုယိုတာမှ မြန်မာနိုင်ငံ တွင်စက်ရုံတည်ထောင်ပြီး မော်တော်ကားများထုတ်လုပ်ခြင်းကို ကြိုဆိုပါကြောင်း၊ နည်းပညာ လွှဲပြောင်းမှုနှင့် မော်တော်ကားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့၌ ပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ တိုယိုတာကုမ္ပဏီအနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မော်တော်ယာဉ်များကို စီးပွားဖြစ်စတင်ထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရပါ သည်။
တိုယိုတာမော်တာကော်ပိုရေးရှင်း (ရန်ကုန်ရုံးခွဲ)၏ မေလ ၃၀ ရက်နေ့ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်အရ တိုယိုတာမြန်မာ (TMY) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ကာ သီလဝါ အထူးစီးပွားရေးဇုန်၌ ဇွန်လမှစတင်၍ စက်ရုံတည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၅၂.၆ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လုပ်သားအင်အား ၁၃၀ ခန့်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မည် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux စီးရေ ၂,၅၀၀ အား Semi Knocked-Down စနစ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည့်အတွက် မြန်မာပြည် တွင်းကားစျေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး အရည်အသွေးမြင့်သည့် တိုယိုတာ မော်တော်ကားများကို မြန်မာပြည်သူများ စိတ်ကြိုက်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်သွားမည့် Toyota Myanmar Co.,Ltd ကိုလေ့လာ ကြည့်ရာ၌ ဂျပန်နိုင်ငံမှ Toyota Motor Corporation ၈၅ % နှင့် မြန်မာနိုင်ငံရှိ Toyota Tsusho Corporation မှ ၁၅ %ပါဝင်ကြောင်း သိရှိရသည်။ လုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လ၌ စတင်လုပ် ဆောင်မည်ဖြစ်ကြောင်းနှင့် အရည်အသွေးမြင့် ဂျပန်စံချိန်စံညွှန်းမီ မော်တော်ကားများကို ပြည်တွင်း ၌ လာရောက်ထုတ်လုပ်တော့မည်ဟု ကြားသိရသည်မှာလည်း ဝမ်းသာကျေနပ်စရာကောင်းလှပေ သည်။
တိုယိုတာမော်တော်ကား စက်ရုံဝင်ရောက်လာပါက မြန်မာစျေးကွက်လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်သော မော်တော်ကားထုတ်ကုန်နှင့် ဝန်ဆောင်မှုသစ်များကိုပါ တစ်ပါတည်း မြင်တွေ့ရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိရာ တိုယိုတာ၏ ရင်းနှီးမြှုပ်နှံများသည် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများ ပိုမိုတိုးပွားလာစေရေးတို့အတွက်များစွာ အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်မိပါသည်။ ဂျပန်နိုင်ငံမှ အဆင့်မြင့်နည်းပညာများ သယ်ဆောင်လာပြီး မြန်မာ့မော်တော်ကား ထုတ်လုပ်မှုကဏ္ဍရှိ လူသားအရင်းအမြစ်နှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုယိုတာမှ ကြိုးပမ်းအကောင်အထည်ဖော်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံအတွက် နည်းပညာလွှဲပြောင်းရယူနိုင်မည့် အခွင့်အရေးပင်ဖြစ်ပါသည်။
တိုယိုတာစက်ရုံအနေဖြင့် လုပ်ငန်းစတင်လုပ်ကိုင်သည့်အချိန်၌ ဝန်ထမ်းအင်အား ၁၃၀ ဖြင့် လုပ်ငန်းစတင်ဆောင်ရွက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိမော်တော်ကား တပ်ဆင်ထုတ်လုပ်ခြင်း ဆိုင်ရာအင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများအတွက် အခွင့်အရေးတစ်ခုပင်ဖြစ်ပါသည်။ မကြာမီကာလများအတွင်း တိုယိုတာမှလုပ်ငန်းတိုးချဲ့လာမည် ဆိုပါက ယခုထက်အလုပ်အကိုင် ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်မှုနည်းပညာ တတ်ကျွမ်းသူများကို ပိုမိုမွေးထုတ် ပေးနိုင်တော့မည်ဖြစ်ပါသည်။ တိုယိုတာကဲ့သို့ ကမ္ဘာ့အမှတ်တံဆိပ်မော်တော်ကားများကို ပြည်တွင်း ၌ပင် ဝယ်ယူအသုံးပြုနိုင်တော့မည်ဖြစ်သည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကျမ်းကျင်လုပ်သားများ တိုးပွားလာစေရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
အစိုးရသစ်လက်ထက်၌ ပြည်တွင်း၊ ပြည်ပမှ အဆင့်မြင့်ပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများ(Quality Investment) ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ Toyota အမှတ်တံဆိပ် ကဲ့သို့ နည်းပညာမြင့်မားသည့် မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုရမည်ဖြစ်သည်။ တိုယိုတာ(မြန်မာ)စက်ရုံ၌ Toyota Hilux, Viosနှင့် Rush မော်တော်ကားများကိုSemi Knocked-Down (SKD) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်ဟု ရည်ရွယ်ထားရာပြည်တွင်း၌ အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာအဆင့်မီမော်တော်ယာဉ်များ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး အားပေးရမည်ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်၌ တိုယိုတာကုမ္ပဏီမှ မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ထုတ်လုပ်နိုင်ရန် လာရောက် ကွင်းဆင်းလေ့လာခဲ့ဖူးကြောင်း ကြားသိရပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ၌ ပြည်ပမှအလုံးစုံ တပ်ဆင်ပြီးမောင်းနှင်အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သော မော်တော်ယာဉ် Complete Built-up Unit (CBU) များကိုတင်သွင်းရောင်းချခြင်းက CKD၊ SKD စနစ်ဖြင့်ထုတ်လုပ်ရောင်းချ ခြင်းထက် ကုန်ကျစရိတ်ပို၍သက်သာခြင်း၊ မြန်မာနိုင်ငံတွင် Supporting Industry များဖွံ့ဖြိုးမှု မရှိသေးခြင်းတို့ကြောင့် CKD စနစ်ဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှု အဆင်သင့်မဖြစ်သေးဘဲ Spare parts များကိုသာ ထုတ်လုပ်နိုင်ကြောင်း သုံးသပ်အကြံပြုခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီမြှုပ်နှံမှုကော်မရှင်မှ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး မကြာမီကာလအတွင်း Complete Knocked-Down (CKD) စနစ်ဖြင့် ပြည်တွင်းတွင်ထုတ်လုပ်၍ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများနှင့် ပိုမိုချိတ်ဆက် ဆောင်ရွက်စေနိုင်ရန် အားပေးလုပ်ဆောင်လျက်ရှိပါသည်။ ရောင်းချပြီး တိုယိုတာ မော်တော်ကားများအတွက် အပြည့်အဝတာဝန်ယူပေးတတ်သည့် တိုယိုတာကဲ့သို့ တာဝန်ယူမှုရှိ သောရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည် ဖြစ်ပါသည်။
တိုယိုတာ၏မော်တော်ကားထုတ်လုပ်မှုဆိုင်ရာ ခေတ်မီ စက်ကိရိယာများနှင့် နည်းပညာများ အသုံးပြု၍ မြန်မာနိုင်ငံသို့လာရောက်ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း၌ မော်တော်ကားထုတ်လုပ်မှု စံချိန်စံညွှန်းများ မြင့်မားလာစေနိုင်ပါသည်။ မြန်မာပြည်သူများအနေဖြင့် ပြည်တွင်းဖြစ်နိုင်ငံတကာ အဆင့်မီမော်တော်ကားများ ပိုမိုအသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် ပါချိတ်ဆက်နိုင်ပြီး စျေးကွက်များ ပိုမိုချဲ့ထွင်နိုင်စေမည် ဖြစ်ပါသည်။ ၎င်းအပြင် SKD နည်းစနစ်ဖြင့် မော်တော်ယာဉ်များထုတ်လုပ်ပြီး အချိန်တိုအတွင်း နိုင်ငံသားများစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်း၊ အင်ဂျင်အသစ်၊ ကားအသစ်ဖြစ်သည့်အတွက် ကာဗွန်ထုတ် လွှတ်မှုကိုလျှော့ချနိုင်ခြင်း၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် ခြင်းတို့သည် အဓိကအကျိုးကျေးဇူးများပင်ဖြစ်သည်။
အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာမှ များစွာစိတ်ဝင်စားပြီး တိုယိုတာကဲ့သို့ ကမ္ဘာ့အမှတ်တံဆိပ်ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံ ခြင်းဖြင့် မကြာမီကာလအတွင်း ပြည်တွင်းမော်တော်ကားစျေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်အစိုးရ၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် တိုယိုတာကုမ္ပဏီ၊ ပြည်တွင်းရှိလုပ်ငန်းရှင်၊ ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် အသုံးပြုမည့် ပြည်သူများအားလုံးအတွက် မလွဲဧကန်ပင် အကျိုးရှိထိရောက်စေနိုင်မည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။