ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေး တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကျိုးရှိရှိ ဖော်ထုတ်အသုံးချနိုင်စေရန် တို့အတွက် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက် ရှိပါသည်။

စိုက်ပျိုးရေးကဏ္ဍ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်း အမြစ်နှင့် အလားအလာကောင်းသည့် မြေလွတ်မြေရိုင်းများစွာ ရှိပါသည်။ မြန်မာနိုင်ငံတွင် မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များအတွက် သာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အစိုးရအနေဖြင့် သမားရိုးကျစိုက်ပျိုးသည့် စနစ်မှ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးရှိဖြစ်ထွန်းသည့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးစနစ်သို့ ကူးပြောင်းရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါသည်။ ၎င်းရည်မှန်းချက် ပြည့်ဝစေရန်အတွက် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနှင့် အရည်အသွေး တိုးတက်ရန် လိုအပ်လျက်ရှိပါသည်။

စိုက်ပျိုးရေးကဏ္ဍ အဓိကအခွင့်အလမ်းများ

  • ကျေးလက်နေပြည်သူများအတွက် စရိတ်သက်သာသည့် ရေပေးဝေရေး စနစ်များ ဖြန့်ဖြူး လုပ်ဆောင် ပေးခြင်း (ဥပမာ-ဆိုလာစွမ်းအင်ဖြင့်လည်ပတ် မောင်းနှင် သည့်စနစ်)
  • စိုက်ပျိုးရေးစက်ပစ္စည်းနှင့်ကိရိယာများဌားရမ်းပေးခြင်း
  • ဆန်စပါး အထွက်တိုးစေရေးအတွက် အဆင့်မြင့်မျိုးစေ့များဖြန့်ဖြူးပေးခြင်း (ဥပမာ- ဆန်စပါးပေါင်းစည်းခြင်းတွင် မြန်မာ့စိုက်ပျိုးရေးဘဏ်နှင့်ပူးပေါင်း၍ ပိုမိုမြင့်မားသော ကုန်ထုတ်စနစ်များနှင့်အတူ စိုက်ပျိုးရေးကဏ္ဍရှိ လူမှု့အသိုက်အဝန်း၏ ပြောင်းလဲခြင်းကို အားပေးမြှင့်တင်ရန်)
  • ဓါတ်မြေသြဇာ ထုတ်လုပ်ခြင်းနှင့် သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ တည်ထောင်ခြင်း
  • ကန်ထရိုက်လယ်ယာစနစ် (ဥပမာ- မိတ်ဖက်သဘောတူစာချုပ်များအပေါ် အခြေခံ၍ ကျေးလက်နေ ပြည်သူများထံမှ တိုက်ရိုက်ဆက်သွယ်ရယူခြင်း)
  • တန်ဘိုးမြှင့်လယ်ယာထွက်ကုန်ပစ္စည်းများထုတ်လုပ်ခြင်း/ ဒေသထွက်ကုန်များ (ဥပမာ- မြေပဲ၊ နှမ်း)ကို အခြေခံသည့်ထုတ်လုပ်မှုများ လုပ်ဆောင်ခြင်း
  • လယ်ယာထွက်ကုန်ပစ္စည်းများ ထုတ်ပိုးခြင်းနှင့် စည်သွတ်ဗူးထုတ်လုပ်မှု လုပ်ငန်းများ ထူထောင်ခြင်း
  • သုတေသနနှင့်လေ့ကျင့်ရေးသင်တန်းကျောင်းများထူထောင်ခြင်း/ စုပေါင်းလယ်ယာစနစ်အတွက် စံပြစိုက်ခင်းများ ဖော်ထုတ်ခြင်း၊ ရာသီအလိုက် သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးခြင်း၊ မြေသြဇာအသုံးပြုခြင်း၊ အော်ဂဲနစ် စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ် သည့် စီးပွားရေးစွမ်းရည်များဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ထောင်ခြင်း သိုလှောင်ရုံနှင့် အအေးခန်းများတည်ဆောက်ခြင်း
  • တောင်သူလယ်သမားများအတွက် အသေးစားချေးငွေ၊ အာမခံနှင့် ကုန်သွယ်မှု ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ

ပင်လယ်ရေထွက်နှင့် သားငါးကဏ္ဍ

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် (၂၈၃၂) ကီလိုမီတာရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့တို့နှင့်ဆက်စပ်လျက်ရှိရာ ကမ်းရိုးတန်းဒေသနေ (အထူးသဖြင့် ရခိုင် ပြည်နယ်) ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ အတွက် ရေထွက်နှင့်သားငါးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းသည် အရေးပါသည့် အခွင့်အလမ်းများဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် မြန်မာ့ရေပြင်အနည်းငယ်ကိုသာ ငါးဖမ်းလုပ်ငန်းအတွက် အကျိုးရှိရှိ သုံးစွဲလျက် ရှိပြီး ငါးနှင့်ရေထွက်လုပ်ငန်းအတွက် ရေချိုငါးကန် ဟက်တာပေါင်း (၅၀,၀၀၀) ဖြင့် လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါသည်။ ထို့ကြောင့် ကမ်းနီး၊ ကမ်းဝေး ရေထွက်နှင့် သားငါးမွေးမြူ ထုတ်လုပ်ခြင်း ကဏ္ဍ (ဥပမာ-ရေချိုငါးမွေးမြူရေး၊ မြစ်ချောင်းစနစ်၊ ရေထွက်ပစ္စည်းမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများ) တွင် အလားအလာများ စွာရှိနေပါသည်။

ပင်လယ်ရေထွက်နှင့် သားငါးကဏ္ဍ အဓိကအခွင့်အလမ်းများ

  • ငါးနှင့် ရေချို၊ ရေငန် ပုဇွန် သားဖောက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ
  • ငါးနှင့်ပင်လယ်ရေထွက်ပစ္စည်းထုတ်လုပ်ခြင်း
  • ငါးလုပ်ငန်းဆိုင်ရာအစားအစာထုတ်လုပ်ခြင်း
  • အအေးခန်း၊ စည်သွတ်ခြင်းနှင့် ထုတ်ပိုးခြင်းလုပ်ငန်းများ
  • ငါးလုပ်ငန်းအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး ဆိုင်ရာ ပညာရေးနှင့် သုတေသနသင်တန်းကျောင်းများ ထူထောင်ခြင်း

မြို့ပြဖွံ့ဖြိုးရေး

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံရှိ လူဦးရေအများစုသည် ပညာရေး၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု အခွင့်အလမ်းများအရ ကျေးလက်မှမြို့ပြသို့ရွှေ့ပြောင်းနေထိုင်လျက်ရှိပါသည်။ မြို့ပြဖွံ့ဖြိုးရေး၏ စိန်ခေါ်မှုများရှိသကဲ့သို့ ပြည်တွင်း၊ပြည်ပစီးပွားရေးလုပ်ငန်းများအတွက် ပြည်သူများ နေထိုင်ရန် ကောင်းမွန်ပြည့်စုံ၍ ရေရှည်ဖွံ့ဖြိုးသည့် သဘာဝပတ်ဝန်းကျင် ရှိသည့် မြို့ပြတစ်ခု ဖွံ့ဖြိုးရန်အတွက် ကူညီရန် အခွင့်အလမ်းများလည်း ရှိလာပါသည်။

အလယ်အလတ်အဆင့် စားသုံးသူများအတွက် လိုအပ်ချက်များ ပြောင်းလဲလာခြင်း သည်လည်း ပိုမိုကြီးမားသည့် လူသုံးကုန် ဖြန့်ချီမှုအတွက် အခွင့်အရေးအသစ်များကို ဖွင့်လှစ်ပေးပြီး ဝန်ဆောင်မှု လုပ်ငန်းများ (ဥပမာ-စားသောက်ဆိုင်၊ ဖျော်ဖြေရေးနှင့် ပညာရေး) သည်လည်း အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

မြို့ပြဖွံ့ဖြိုးရေး အဓိကအခွင့်အလမ်းများ

  • ရန်ကုန်၊ မန္တလေးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ဒုတိယအဆင့် မြို့တော်များ၌ တန်ဖိုးနည်း အိမ်ရာ ပရောဂျက်များတည်ဆောက်ခြင်း
  • ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းကိုလိုနီအဆောက်အဦများထိန်းသိမ်းမွမ်းမံခြင်း
  • မြို့ပြအစုအဖွဲ့အတွက် အများပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတိုးတက်လာစေရေး လုပ်ငန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံခြင်း
  • ပန်းခြံ၊ ဖျော်ဖြေရေးနှင့် အနားယူအပန်းဖြေနေရာများတည်ဆောက်ခြင်း
  • ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၏ပုဂ္ဂလိကပညာရေးကျောင်းများ( ပုဂ္ဂလိကတက္ကသိုလ်များ၊ စီးပွားရေးသင်တန်းကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ)
  • ယာဉ်လမ်းကြောထိန်းကျောင်းမှုစနစ်နှင့် ယာဉ်အန္တရာယ်ဘေးကင်းလုံခြုံမှုစနစ်များ
  • မြို့ပြရေဆိုးနှင့်အညစ်အကြေးစီမံခန့်ခွဲမှုစနစ်
  • ရေဆိုးနှင့်အညစ်အကြေးသန့်စင်ခြင်းစနစ်
  • လူသုံးကုန်နှင့် လူနေမှုပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် တိုင်းပြည်၏ နိုင်ငံရေးနှင့်စီးပွားရေး ဖွင့်လှစ်မှုများတွင် လျှင်မြန်စွာ ပါဝင်ခဲ့ပါသည်။ လက်ရှိကာလ၌ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ (မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ် သူများ) အနေဖြင့် ရန်ကုန်၊ ပုဂံ၊ အင်းလေးကန်၊ ညောင်ရွှေနှင့် မန္တလေးမြို့များသို့ အများဆုံး လည်ပတ်ကြပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ သဘာဝအလှအပများဖြင့်ပြည့်စုံသည့် တောင်ဘက်စွန်း ကော့သောင်းမှသည် မြန်မာနိုင်ငံမြောက်ဖျား ဟိမဝန္တာတောင်တန်းများတည်ရှိရာ ပူတာအို အထိ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရေးအတွက် ဖိတ်ခေါ်လျက် ရှိပါသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဓိကအခွင့်အလမ်းများ

  • ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလားအလာ မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှု တည်နေရာ အသစ်များကို လေ့လာဖော်ထုတ်ခြင်း
  • သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသည့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး (ခြေလျင်တောင်တက် ခရီးသွားလုပ်ငန်းများကဲ့သို့ ဆောင်ရွက်မှုများနှင့် ဆက်စပ်သည့် ရေရှည်တည်တံ့သည့် ဟိုတယ်နှင့် တည်းခိုခန်းများ)
  • ယဉ်ကျေးမှုနှင့် အမျိုးဘာသာအခြေခံသည့်ခရီးသွားလုပ်ငန်းများ (ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများဖွံ့ဖြိုးရေး)
  • ကျေးရွာလူထုအခြေပြုခရီးသွားလုပ်ငန်း

လျှပ်စစ်ကဏ္ဍ

၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝသုံးစွဲနိုင်ရေး ရည်မှန်းချက်သည် ပြည်တွင်း၊ ပြည်ပ ရင်နှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။ ကာလလတ်တွင် မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တင်ပို့ရောင်းချနိုင်သည်အထိ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။

လျှပ်စစ်ကဏ္ဍ အဓိကအခွင့်အလမ်းများ

  • မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်သည့် အလတ်စားနှင့်အကြီးစား ဓာတ်အား ပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်ချုပ်ဆိုပြီး IPP/BOO ၊ IPP/BOT၊  BOT စနစ်များဖြင့် ဆောင်ရွက်ခြင်း
  • အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူး ‌ရောင်းချခြင်းလုပ်ငန်းများ (ဥပမာ-ကျေးရွာ များသို့ ရောင်းချရန်)
  • လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်း (မြန်မာနိုင်ငံတစ်ဝှမ်း ဆောင်ရွက်နိုင်ခြင်း)
  • နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံအထက်ပိုင်း အပူပိုင်းဒေသများတွင် ဆောင်ရွက်နိုင်ခြင်း
  • ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ပိုမိုရရှိခြင်း
  • မြို့ပြနှင့်စက်မှုဇုန်များတွင် လက်ရှိအသုံးပြုလျက်ရှိသည့် လျှပ်စစ်ဆိုင်ရာအခြေခံ အဆောက်အဦများကို အဆင့်မြှင့်တင်ခြင်း
စွမ်းအင်ကဏ္ဍ (ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ)

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အတွက် သဘာဝသယံဇာတ များမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ပါသည်။ လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနအနေဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ကုန်းတွင်းလုပ်ကွက််များနှင့် ကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ်ယူရန် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ထပ်မံဝင်ရောက်လာနိုင်သည့် အခြေအနေရှိပါသည်။

စွမ်းအင်ကဏ္ဍ (ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ) အခွင့်အလမ်းများ

  • ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊တူးဖော်၊ ထုတ်လုပ်ခြင်း (upstream) လုပ်ငန်းများအတွက် လုပ်ကွက်တင်ဒါအောင်မြင်ပြီးပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားသည့်စနစ် (Production Sharing Contract-PSC) စာချုပ် ချုပ်ဆိုမှု ပြုလုပ်ခြင်း
  • ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းနှင့်ထုတ်လုပ်ခြင်းများအတွက် ကမ်းလွန်နှင့်ကုန်းတွင်းဒေသ များတွင် ရေနံတူးဖော်ခြင်း
  • ရေနံချက်စက်ရုံတည်ဆောက်၍ ရေနံစိမ်းမှဓာတ်ဆီ၊ ဒီဇယ်ဆီ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း
  • ရေနံထွက်ပစ္စည်းများကိုအခြေခံသော ဝန်ဆောင်မှုလုပ်ငန်းများ (downstream) လုပ်ငန်းများ (ဥပမာ- LPG တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်း၊ စက်သုံးဆီအရောင်း ဆိုင်များဖွင့်လှစ်၍ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ လေယာဉ်ဆီ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း) စသည်တို့ ဆောင်ရွက်နိုင်ခြင်း
  • ကမ်းလွန်ရေနံတွင်းများတွင် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းတည်ဆောက်ပြီး လိုအပ်သော ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း

ကုန်ထုတ်လုပ်မှုကဏ္ဍ

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိခြင်း၊ အရှေ့ တောင်အာရှ (အာဆီယံ စီးပွားရေး အသိုက်အဝန်း) ၏ မဟာဗျူဟာကျသည့် စျေးကွက်အား တိုက်ရိုက်ပါဝင်နိုင်ခြင်း စသည့်အချက်များကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ခြင်းဖြင့် အခွင့်အလမ်းများစွာ ရရှိစေမည်ဖြစ်ပါသည်။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလုပ်သမားလုပ်ခ လစာစရိတ်နည်းပါးခြင်း၊ သဘာဝသယံဇာတ ပေါကြွယ်ဝခြင်း၊ စိုက်ပျိုးရေး ကို အခြေခံသည့်တန်ဖိုးမြှင့်ထုတ်လုပ်မှုများသည် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးမှုကို အားပေး ကူညီနေပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ အဓိကအခွင့်အလမ်းများ

  • မြန်မာနိုင်ငံ၏ ဒုတိယအဆင့်မြို့တော် (ဥပမာ- ပုသိမ်၊ ပဲခူး၊ ဘားအံ့စသည့်မြို့များ) ဧရိယာများအတွင်း အထည်ချုပ်လုပ်ငန်းများ၊ ဖိနပ်ထုတ်လုပ်သည့်လုပ်ငန်းများ သို့မဟုတ် အရုပ်တပ်ဆင်သည့်လုပ်ငန်းများ၊ အခြားစက်တပ်ဆင်သည့် လုပ်ငန်းများ ကဲ့သို့သော လုပ်သားဦးစားပေး စက်မှုလုပ်ငန်းများ
  • စိုက်ပျိုးရေးအခြေခံ ကုန်ထုတ် လုပ်ငန်းများ
  • ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများမှ အများဆုံးအသုံးပြုသည့် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ (ဥပမာ- ဘိလပ်မြေ၊ အုတ်၊ စတီး၊ ဖန်၊ သုတ်ဆေး၊ တံခါးပေါက်နှင့် ပြတင်းပေါက်များ စသည်ဖြင့်)
  • မြန်မာနိုင်ငံအတွင်း ကျောက်မျက်ထုတ်လုပ်သည့်လုပ်ငန်း (ဥပမာ- ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား) များအား ဒီဇိုင်းထုတ်လုပ်ခြင်း၊ ဖြတ်တောက်ခြင်း၊ အရောင်တင်ခြင်း ကဲ့သို့သော တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ
  • မတည်ရင်းနှီးငွေမြင့်မားသည့် စက်မှုလုပ်ငန်းများ (ဥပမာ- မော်တော်ကား ထုတ်လုပ် သည့်လုပ်ငန်း၊ လယ်ယာမြေသုံးစက်ပစ္စည်းများ) အဓိကအားဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်အား လက်ခံရရှိနိုင်သည့် တည်နေရာများတွင် ဆောင်ရွက်ခြင်း (ဥပမာ- အထူးစီးပွား ရေးဇုန်များ)
  • သစ်မာသားနှင့် ဝါးတို့ကို အခြေခံထုတ်လုပ်သည့် သစ်အခြေခံကုန်ထုတ်လုပ်ငန်းများ (ဥပမာ- ပရိဘောဂထုတ်လုပ်သည့်လုပ်ငန်း)
  • စက္ကူနှင့် ကတ်ထူပြားထုတ်လုပ်သည့် လုပ်ငန်းများ
  • နိုင်ငံတကာ လေဆိပ်များမှတဆင့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ စျေးကွက် လိုအပ်ချက်ကို အခြေခံသည့် နည်းပညာမြင့်မားသည့် စက်မှုလုပ်ငန်းများ (ဥပမာ ရန်ကုန်မြို့၊ နေပြည်တော်၊ ပဲခူးနှင့် မန္တလေးမြို့များတွင်)
  • ပြည်တွင်းနှင့် ဒေသတွင်း လိုအပ်ချက်များကို အခြေခံသည့် ဓါတုဗေဒ စက်မှုလုပ်ငန်း များ (ဥပမာ- ဆေးဝါးနှင့် ပလက်စတစ်ပစ္စည်းများ)
  • စက်မှုဇုန် ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ- ရေဆိုးရေညစ် စီမံခန့်ခွဲမှု၊ ပြန်လည် အသုံးပြုခြင်း၊ ကျွမ်းကျင်မှု သင်တန်းများ)

အခြေခံအဆောက်အုံကဏ္ဍ

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျကျ ဆောင်ရွက်နိုင်ရန် အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ ပိုမိုကောင်းမွန်သည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုပင် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံ၏အဓိက ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်ရှိ အခြေခံအဆောက်အအုံနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် မဟာမဲခေါင်မြစ်ဝှမ်းဒေသရှိဒေသများနှင့် လည်းကောင်း၊ အနောက်ဘက်ရှိ အိမ်နီးချင်း နိုင်ငံများနှင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ချိတ်ဆက်ခြင်းကို ပိုမိုချောမွေ့မှု ရှိလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် ဆောင်ရွက် ရာတွင် BOT စနစ်ဖြင့်သော် လည်းကောင်း၊ PPP စနစ်ဖြင့်သော်လည်း ဆောင်ရွက်နေသည့် အတွေ့အကြုံရှိ သည့်အပြင် အခြေခံ အဆောက်အအုံ တိုးတက်ရေး စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများကို လည်း ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိပါသည်။

အခြေခံအဆောက်အုံကဏ္ဍ၏ အဓိကအခွင့်အလမ်းများ

  • လမ်း၊ တံတားနှင့် ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းများ
  • လေဆိပ်တည်ဆောက်လည်ပတ်ခြင်းလုပ်ငန်းများ
  • ဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းများ
  • စက်မှုဇုန်များ ပြန်လည်တည်ဆောက်ခြင်းနှင့် အခြေခံအဆောက်အုံများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများ
  • သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံလုပ်ငန်းများ

သတ္တုတူးဖော်ရေးကဏ္ဍ

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ သတ္တုတွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝပါသည်။ ဥပမာအားဖြင့် ကျောက်ချဉ်၊ ပယင်း၊ ခနောက်စိမ်း၊ဘရိုက်တီးကျောက်၊ ဒန်သတ္တုရိုင်း၊ ကျောက်မျက်၊ ဘစ်စမတ်၊ ကက်ဒမီယံ၊ ခရိုမိုက်၊ Cinnabar၊ ကျောက်မီးသွေး၊ ကိုဗော့သတ္တု၊ Columbite၊ ကြေးနီ၊ Corundum၊ ကျောက်မျက်ရတနာ၊ ရွှေ၊ ကရိုက်ဖိုက်၊ ဂေါဒန်ကျောက်၊ ဟစ်ရစ်ဒီယမ်၊ သံသတ္တုရိုင်း၊ ကျောက်စိမ်း ၊ ကြွေမှုန့်၊ ခဲ၊ မန်းဂနီးစ်၊ လချေး၊ Molybdenum၊ သဘာဝဓာတ်ငွေ့၊ နီကယ်၊ Ochre၊ ရေနံ၊ ယှေလကျောက်၊ ဖော့စဖိတ်၊ ပလက်တီနမ်၊ ဆား၊ Saltpetre၊ ငွေ၊ ဆိုဒီယမ်၊ ကံကူဆံ၊ ဆာလဖိတ်၊ ဆာလဖိုက်၊ ဆာလဖာ၊ သံဖြူ၊ တိုက်တေနီယမ်၊ တန်စတင်နှင့် သွပ်တို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံသည် Extractive Industries Transparency Initiative-EITI အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။

သတ္တုတူးဖော်ရေးကဏ္ဍ အဓိကအခွင့်အလမ်းများ

  • အကြီးစား၊အလတ်စားနှင့်အသေးစားသတ္ထုတူးဖော်ခြင်း
  • သဘာဝသယံဇာတအပေါ်အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း
  • သတ္ထုတူးဖော်ရေးကို အထောက်အကူဖြစ်စေမည့် စက်ယန္တရားများအားငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ထိန်းသိမ်းခြင်းနှင့် အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းများ
  • ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း
  • သံနှင့်သံမဏိ အခြေခံပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း
  • စက်နှင့်စက်ပစ္စည်းကိရိယာမှအပ သတ္ထုသန့်စင်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း

သစ်အခြေခံစက်မှုလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍအနေဖြင့် ကျွန်းသစ်နှင့် သစ်မာထုတ်လုပ်မှု (အထူးသဖြင့် ပျဉ်းကတိုးနှင့် ပိတောက်) တွင် ရှေ့ကဦးဆောင်နေသည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။ အစိုးရ အနေဖြင့် သစ်တောများရေရှည်တည်တံ့မှုကို ထိခိုက်စေသည့် အလေ့အထများ ဆက်လက် ဖြစ်ပေါ်နေခြင်း နှင့် အကြီးစားခုတ်လှဲမှုများကို ကာကွယ်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဧပြီလမှစ၍ ကျွန်းသစ် နှင့် သစ်မာအလုံးလိုက်တင်ပို့မှုများကို တင်းကြပ်ထိရောက်စွာ တားဆီးခဲ့ပါသည်။ ထိုသို့ အပြောင်းအလဲများကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား သစ်တော ရေရှည် ထိန်းသိမ်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရာ၌ ထောက်ပံ့ ပေးနိုင်ရန် အခွင့်အလမ်းများအနေဖြင့် ပြောင်းလဲ ဖိတ်ခေါ်ခဲ့ပါသည်။ (ဥပမာအနေဖြင့် သစ်အချောထည် ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ခြင်း)

ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးအရ ရေရှည်တည်တံ့ရေးအတွက် သစ်တောများ ပြန်လည်ထိန်းသိမ်းစိုက်ပျိုးနိုင်ရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် အတွက် ဆန္ဒရှိလျက် ရှိပါသည်။

သစ်အခြေခံစက်မှုလုပ်ငန်းကဏ္ဍ အဓိကအခွင့်အလမ်းများ

  • သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ တည်ထောင်ခြင်း (ဥပမာ- ပရိဘောဂ စက်ရုံ)
  • ဝါးသစ်တောနှင့် ဝါးအခြေခံထုတ်လုပ်မှုများ ချဲ့ထွင်ခြင်း (လက်မှုပညာလုပ်ငန်းများ)
  • ရော်ဘာ အခြေခံစက်မှုလုပ်ငန်းများ (ဥပမာ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် တာယာထုတ်လုပ်ခြင်း လုပ်ငန်း)
  • ကျွန်းသစ်နှင့် သစ်မာ စိုက်ခင်းများ
  • စန္ဒကူးနံ့သာ အချောထည် ထုတ်လုပ်သည့် စက်မှု လုပ်ငန်းများ
  • ရပ်ရွာအခြေပြုသစ်တော

Show Sidebar Menu: 

0