Myanmar Global Investment Forum နေပြည်တော်တွင် ကျင်းပပြုလုပ်

Myanmar Global Investment Forum နေပြည်တော်တွင် ကျင်းပပြုလုပ်

Posted on 11 September 2018

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ  နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပပြု လုပ်လျက် ရှိပါသည်။

          ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြီးတန်း အရာရှိများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ Euromoney Institutional Investor(Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သောကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ စုစုပေါင်း(၁၂၀၀) ကျော် တက်ရောက် ခဲ့ကြပါသည်။

          ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေး အကြံပေးနှင့် Myanmar Development Institute ၏ သုတေသနဒါရိုက်တာ ဖြစ်သူ Dr. Sean Turnell တို့မှ အဖွင့် အမှာစာကား ပြောကြားကြပါသည်။ ထို့နောက် အစီအစဉ်အရ မြန်မာ့စီးပွားရေး ပိုမိုတိုးတက်စေရန် အတွက် အတားအဆီးများကို ကျော်လွန်နိုင်ရန် မြန်မာနိုင်ငံ၏ လက်တွေ့ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆန်းစစ်ချက်နှင့် လက်ရှိလုပ်ဆောင်နေသည့် နည်းလမ်းအတိုင်း ဈေးကွက် ၊ ဘဏ်လုပ်ငန်း ၊ ငွေးကြေးကဏ္ဍနှင့် အာမခံ လုပ်ငန်းနှင့် ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု ၊ နိုင်ငံ၏ အနာဂတ်အလားအလာ ဖြစ်ပေါ်စေမည့် ခရီးသွားလုပ်ငန်း ပွင့်လင်း မြင်သာမှု၊ ငွေကြေးနှင့် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများ အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နိုင်မှု၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့်  စွမ်းအင်သယံဇာတများကို ထိန်းချုပ်နိုင်မှု ၊ စိုက်ပျိုးရေး လုပ်ငန်းများကို ပြုပြင်ပြောင်းလဲနိုင်ခြင်းနှင့် ပြည်ပသို့တင်ပို့နိုင်သော အရည်အသွေးမှီ စိုက်ပျိုးထုတ် လုပ်နိုင်ခြင်း၊ ခေတ်မီ စီးပွားရေးလုပ်ငန်းများအတွက် အသေးစားချေး ငွေလည်ပတ်မှုနှင့် ငွေကြေး ဆိုင်ရာ တိုးတက်စေခြင်း စသည်တို့အပေါ်  စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများ စသည့် အချက်များအပေါ် ပညာရှင်များ နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အသီးသီး ဆွေးနွေးကြပါသည်။

          ဒုတိယနေ့ အစီအစဉ်များကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆက်လက် ဆွေးနွေး သွားမည်ဖြစ်ပါသည်။