ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၄/၂၀၁၈) ကြိမ်မြောက်အစည်းအဝေးကျင်းပခဲ့ခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၄/၂၀၁၈) ကြိမ်မြောက်အစည်းအဝေးကျင်းပခဲ့ခြင်း

Posted on 12 October 2018

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်   ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် လာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၂ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁.၈၈၄သန်း နှင့် မြန်မာကျပ်ငွေ ၁၅၅၆.၉၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၄၅၆ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ခုနှစ် (သြဂုတ်လ မှ မတ်လအထိ) ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် British Virgin Islands နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၉ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။  အဆိုပါ လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ  စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆.၆၀၄ သန်းနှင့် မြန်မာကျပ်ငွေ ၂၃၀၆၀.၆၀ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၂၂၄၈၁ ဦး အတွက် ဖန်တီ ပေးနိုင်ခဲ့ပါသည်။

၂၀၁၈-၂၀၁၉ ခုနှစ် (ဧပြီလမှ အောက်တိုဘာလအထိ) ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အနေဖြင့် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အခြား ဝန်ဆောင်မှု ကဏ္ဍတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံ၊ ဆေးရှလ် (လ်) နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး  မတည်ငွေရင်း ပမာဏ  စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၄.၄၁၀ သန်းနှင့် မြန်မာကျပ်ငွေ ၂၂၈၁၇.၄၇၂ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း ၂၂၆၂၉ဦး အတွက် ဖန်တီးပေး နိုင်ခဲ့ပါသည်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများ အနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ‌မြေကွက်အမှတ် ၄၉၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၈၂၆၃ သို့ ဆက်သွယ် မေးမြန်း လျှောက်ထား နိုင်ပါသည်။