ဧရာဝတီတိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရန်ရင်းနှီးမြှုပ်နှံမှုပြပွဲကိုငွေဆောင်ကမ်းခြေတွင် ကျင်းပပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရန်ရင်းနှီးမြှုပ်နှံမှုပြပွဲကိုငွေဆောင်ကမ်းခြေတွင် ကျင်းပပြုလုပ်ခြင်း

Posted on 30 November 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအား အလားအလာရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ဦးဆောင်၍ ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း (JETRO) နှင့် မြန်မာဆာဗေးသုတေသန ကုမ္ပဏီလီမိတက် (MSR)တို့၏ ပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၃၀ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိယမုံနာဦးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုပြပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌဒေါက်တာသန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများမှဝန်ကြီးချုပ်များ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊JICA နှင့် JETRO တို့မှ တာဝန်ရှိသူများ၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများစုစုပေါင်း (၆၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုပြပွဲဖွင့်ပွဲအခမ်းအနားကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌဒေါက်တာသန်းမြင့်၊ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင် တို့မှဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များကပြပွဲတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကိုကျင်းပခဲ့ရာအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌဒေါက်တာသန်းမြင့်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) မှ Chief Representative ဖြစ်သူ Mr. MasayukiKarasawa နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဝင်းမြင့်လှိုင်တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားကာဆွေးနွေးပွဲကိုဆက်လက်ကျင်းပခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၏ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးကရှင်းလင်းတင်ပြခဲ့ပြီးစိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊စက်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍစသည့်ကဏ္ဍများအလိုက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် တိုးတက်မှုများကိုတာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြပြီးဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းစစ်တမ်းအစီရင်ခံစာကိုလည်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၏ အားသာချက်များခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုလည်းကျင်းပပြုလုပ်ခဲ့ပါသည်။

နေ့လည်ပိုင်းတွင် လုပ်ငန်းရှင်များတွေ့ဆုံပွဲကိုဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီးပြည်တွင်းပြည်ပလုပ်ငန်းရှင်များအချင်းချင်းမိမိစိတ်ပါဝင်စားမှုကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ပါဝင်တက်ရောက်သူများသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးရှိအိမ်ရာစီမံကိန်းများ၊ ပုစွန် မွေးမြူရေးလုပ်ငန်း၊ ပုသိမ်စက်မှုဇုန်နှင့် ပုသိမ်စက်မှုမြို့တော်တို့သို့ သွားရောက် လေ့လာကြမည်ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုပြပွဲသည်တိုင်းဒေသကြီးအတွင်းရှိရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုပိုမိုသိရှိနားလည်စေမည်ဖြစ်ပါသဖြင့်အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများအတွက် လွယ်ကူအဆင်ပြေစေမည့်အပြင် ဧရာဝတီတိုင်းဒေသကြီးအတွက် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်မည့် အထောက်အပံ့တစ်ခုဖြစ်စေမည် ဖြစ်ပါသည်။