ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ နည်းပညာဆိုင်ရာ အကူအညီများ ပေးလျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီအထောက်အပံ့ပေး သည့် အစီအစဉ်များမထပ်စေရန်၊ ပိုမိုထိရောက်စေရန်နှင့် ဌာန၏လိုအပ်ချက်များနှင့် ညီညွတ်မှုရှိစေရန် ရည်ရွယ်လျက် ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အစည်းအဝေး တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီမှ မွန်းတည့် ၁၂း ၁၅ နာရီချိန်ထိ Novotel Yangon Max Hotel ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ဖြစ်ကြသော ဦးသန်းအောင်ကျော်နှင့် ဒေါက်တာမာလာမျိုးညွန့်၊ ညွှန်ကြားရေးမှူးများ အပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် တိုးတက်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသည့် ADB၊ American Chamber of Commerce၊ DaNa Facility၊ GIZ၊ IFC၊ JICA၊ မြန်မာနိုင်ငံရှိ သြစတြေးလျသံရုံး တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်က အဖွင့်အမှာစကားကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က နိဂုံးချုပ်အမှာစကားကိုလည်းကောင်း ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ဌာန၏စွမ်းဆောင်ရည်ဆိုင်ရာ ရည်မှန်းချက်နှင့် ပိုမိုကောင်းမွန်သော စီးပွားရေးဝန်းကျင် တစ်ရပ်ဖြစ်ပေါ်လာစေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အကောင်အထည်ဖော်ရေး အစီအစဉ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၊ သက်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်းသည့် နည်းပညာအကူအညီ အထောက်အပံ့ လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထို့နောက် အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။



