မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကိုရီးယားနိုင်ငံ အူးလ်ဆန်မြို့ရှိ SK Ulsan Complex၊ Ulsan Gas Power Plant နှင့် POSCO Steel Plant တို့သို့ သွားရောက် လေ့လာခဲ့ပါသည်။
စက်ရုံများ၏ တာဝန်ရှိသူများမှ စက်ရုံများ၏ သမိုင်းကြောင်းနှင့် ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် စက်ရုံများ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
SK Energy သည် ကိုရီးယားနိုင်ငံ၏ ပထမဆုံး ရေနံ ကုမ္ပဏီဖြစ်ပြီး Ulsan Complex တွင် သန့်စင်ပြီး ရေနံ ထုတ်ကုန်များစွာကို ထုတ်လုပ်လျက် ရှိပါသည်။ Ulsan Gas Power Plant သည် အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်ပိုင်ဆိုင်ပြီး နိုင်ငံတော်အတွင်း လျှပ်စစ်သုံးစွဲမှု၏ ၁၀ ရာခိုင်နှုန်း ကို ထောက်ပံ့ပေးလျက်ရှိပါသည်။ POSCO သည်၎င်း၏ ထုတ်ကုန်များအားနှစ်စဉ် နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ ရောင်းချလျက်ရှိပါသည်။





