ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

Posted on 04 April 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရန်ကုန်မြို့၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

              ညှိနှိုင်းဆွေးနွေးပွဲကို၂၀၁၈ ခုနှစ် မေလတွင်ရန်ကုန်မြို့၊ ညောင်ဦးမြို့သစ် (ပုဂံ) နှင့် မော်လမြိုင်မြို့တို့၌  ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအပေါ်အခြေခံ၍ ရေးဆွဲထား သောရင်းနှီးမြှုပ်နှံမှုနစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်းအပေါ်တွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အကြံပြုညှိနှိုင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

              ညှိနှိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI)မှ ဒုတိယဥက္ကဋ္ဌနှင့် IFC မှ ကိုယ်စားလှယ်များအပါအဝင် UMFCCI မှကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

              ညှိနှိုင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် International Finance Corporation (IFC) မှPrivate Sector Specialist ဖြစ်သူ ဦးသစ္စာတို့မှ အဖွင့်အမှာ စကားအသီးသီးပြောကြားခဲ့ပါသည်။

              International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. SufianJusoh မှ “The Concept and Benefits of Investor Grievance Mechanism (IGM)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. Chris Hughes မှ “The Proposed Legal Framework for Investor Grievance Mechanism (IGM) in Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးမင်းဇော်ဉီးမှ ဉီးဆောင်၍ ရင်းနှီးမြှုပ်နှံမှု နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်းအပေါ် အစည်းအဝေးတက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးပွဲကို မွန်းလွဲ (၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။