မြန်မာနိုင်ငံ၏ ကော်ပိုရိတ်အုပ်ချုပ်မှုကောင်းမွန်စေရေးပူးတွဲဆွေးနွေးပွဲသို့တက်ရောက်ခြင်း

မြန်မာနိုင်ငံ၏ ကော်ပိုရိတ်အုပ်ချုပ်မှုကောင်းမွန်စေရေးပူးတွဲဆွေးနွေးပွဲသို့တက်ရောက်ခြင်း

Posted on 12 April 2019

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် Organization for Economic Co-operation and Development (OECD)တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကော်ပိုရိတ်အုပ်ချုပ်မှု ကောင်းမွန်စေရေး ပူးတွဲဆွေးနွေးပွဲကို၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက်နေ့၊ ၁၄ ၃၀ နာရီတွင် ရန်ကုန်စတော့အိတ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပူးတွဲဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ကော်ပိုရိတ်အုပ်ချုပ်မှု ကောင်းမွန်စေရေးအတွက် OECDမှ အကူအညီပေးမည့် အစီအစဉ်များ၊ ကော်ပိုရိတ်အုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်း(Corporate Governance Code)အတွက် ဆောင်ရွက်မည့် အစီအစဉ်များ စသည်တို့ကို မြန်မာကုမ္ပဏီများ သိရှိစေရန်နှင့် ကုမ္ပဏီများတွင် ကျင့်သုံးလျက်ရှိသည့် ကော်ပိုရိတ် အုပ်ချုပ်မှုစည်းမျဉ်းစည်းကမ်း (Corporate Governance Code)နှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူရန်ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်တို့မှ အသီးသီးအဖွင့် အမှာစကား ပြောကြား ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက “Recent Developments in Corporate Governance” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (OECD) မှ Senior Policy Analyst ဖြစ်သူ Mr. Kenta Fukami က “Advisory Committee for the Corporate Governance Reform in Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက “Updates on the Capital Market Reform” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ ကုမ္ပဏီများမှ ကိုယ်စားလှယ် ၈၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။