Yangon Investment Forum 2019 ကျင်းပပြုလုပ်ခြင်း

Yangon Investment Forum 2019 ကျင်းပပြုလုပ်ခြင်း

Posted on 11 May 2019

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ တို့၏ ကမကထဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ Myanmar Investors  Development Association(MIDA)နှင့် PricewaterhouseCoopers Co. တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် Yangon Investment Forum 2019 ကို Lotte Hotel Yangon ၌ ၂၀၁၉ခုနှစ် မေလ ၁၀ရက် နှင့် ၁၁ ရက်နေ့တို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဖိုရမ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ပါသည်။

          ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ၊  တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ သတင်း မီဒီယာများ စုစုပေါင်း လူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ ကြပါသည်။

          ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ ဖွင့်လှစ် ပေးခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော ဂုဏ်ပြုအမှာစကားကို ထုတ်လွှင့်ပြသခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စေရန် စုပေါင်းအားရဲ့ အရေးပါမှုကို ခိုင်မာစွာ ယုံကြည် ပါကြောင်း၊ အစိုးရပိုင်းက ခိုင်မာတဲ့ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်း မူဘောင်များကို ချမှတ်အကောင်ထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍနှင့်လည်း အတူ တကွ ပူးပေါင်း၍ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်ဖြစ်စေဖို့ ဆောင်ရွက် ကြရမှာ ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။

          ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ပြင်ပ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဖို့ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်း တည်ထောင်ထားပြီး ဖြစ်ကြောင်းနှင့် စီးပွားရေးအသိုက်အဝန်း၏ လိုအပ်ချက်နှင့် ဆောင်ရွက်များကို ပိုမို သိရှိနားလည်ရေးအတွက် မိမိအနေဖြင့် စီးပွားရေး အသိုက်အဝန်းက အသံတွေကို ဆက်လက်၍ အလေးအနက် နားထောင်ပြီး ပြည်သူများ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ပြောကြား ခဲ့ပါသည်။

          ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ “ယနေ့ ဖိုရမ်ရဲ့ ဆောင်ပုဒ်မှာ “Yangon Region: Investment Hub in Myanmar”ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေး အဓိက အချက်အချာကျသည့် နေရာ သာမက အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု အချက်အချာ နေရာ ဖြစ်ရန် ရည်ရွယ်ပါကြောင်း” ပြောကြားခဲ့ပါသည်။

          ထို့နောက် Myanmar Investors Development Association (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်အရ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ တင်ပြချက်များနှင့် စကားဝိုင်း ဆွေးနွေးပွဲ များကို အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်သူများသည် ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင် သီလဝါ အထူးစီးပွားရေးဇုန်၊ လှိုင်သာယာ စက်မှုဇုန်နှင့် MICT Park တို့သို့ သွားရောက် လေ့လာခဲ့ကြပါသည်။