ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးဖြစ်သူ Mr. Ichiro Maruyama လိုက်ပါသည့် Toyota Motor Asia Pacific Pte Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Susumu Matsuda နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး မော်တော်ကား ထုတ်လုပ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ တိုယိုတာကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှှီးမြှုပ်နှံလိုမှုအတွက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် နည်းပညာမျှဝေပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကော်ပိုရိတ် လူမှုပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုလုပ်ငန်းများ ဆောင်ရွက် ပေးရေးတို့တွင် ပါဝင်ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။
တိုယိုတာမော်တာကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၂.၆ သန်းဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မော်တော်ယာဉ်များ စတင်ထုတ်လုပ်သွားမည်ဖြစ်ပါသည်။


