ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း Daewoo Bus စက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ

ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း Daewoo Bus စက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ

Posted on 09 August 2019

ရန်ကုန် သြဂုတ် ၉

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ Daewoo Bus Myanmar စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

          Daewoo Bus Myanmar Co., Ltd.သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ကိုရီးယားနိုင်ငံနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံပြီး ခေတ်မီခရီးသည်တင်မော်တော်ယာဉ်များ စမ်းသပ်ထုတ်လုပ်နေသည့် စက်ရုံဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား  Daewoo Bus Myanmar  စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ  ဦးကျော်ကျော်အောင်က  ခရီးသည်တင် မော်တော်ယာဉ် ၂ မျိုး စမ်းသပ်ထုတ်လုပ်နေသည့် အခြေအနေ အား ရှင်းလင်းတင်ပြပါသည်။

ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ယူမှု ရှိသောရင်းနှီးမြှုပ်နှံမှုများ (Responsible Investment) ပိုမိုလာရောက်ရန်  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊   Daewoo Bus Myanmar Co., Ltd. ကဲ့သို့နည်းပညာမြင့်မား၍  အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သည့်လုပ်ငန်းများ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံသည်ကိုကြိုဆိုပါကြောင်း၊ Daewoo Bus Myanmar Co., Ltd.မှ   Complete Knocked-Down (CKD)စနစ်ဖြင့် ထုတ်လုပ်လျက်ရှိသည်ကို အားပေးပါကြောင်း၊ ဒေဝူး မော်တော်ယာဉ်များအား ပြည်တွင်း၌ထုတ်လုပ်ပြီး မြန်မာနိုင်ငံ၏ ခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လိုအပ်လျက်ရှိသည့် ခေတ်မီ ခရီးသည်တင်ယာဉ်  လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့်သွင်းကုန်အစားထိုးလုပ်ငန်းဖြစ်သည့်အပြင် ပြည်ပသို့ပါ တင်ပို့နိုင်မည့်လုပ်ငန်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။