ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ရေးသားသည့် "တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး" ဆောင်းပါး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ရေးသားသည့် "တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး" ဆောင်းပါး

Posted on 24 February 2020

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး

          လွန်ခဲ့တဲ့ ရက်အနည်းငယ်က Channel K နဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တံခါးဖွင့်လှစ် ဖိတ်ခေါ်နေချိန်မှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု (Responsible Investment) နဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းကျင့်ထုံး (Responsible Business Conduct) တွေကို စီးပွားရေးလုပ်ငန်းရှင်များသာမက အစိုးရဌာနနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံသားတွေလည်း သိမြင်ဘို့ လိုအပ်တယ်လို့ စဉ်းစားမိပါတယ်။ ၂၁ ရာစုမှာ ကမ္ဘာ့နိုင်ငံအတော်များများက စီးပွားရေးနယ်ပယ်တွေမှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းကျင့်ထုံးတွေကို ရှေ့တန်းတင် အားပေးဆောင်ရွက်လာတာ တွေ့ရပါတယ်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment)

          တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာကို ၂၀ ရာစုနှောင်းပိုင်းလောက်မှာ နိုင်ငံအသီးသီးက သွင်ပြင်လက္ခဏာမျိုးစုံနဲ့ အစပျိုးခဲ့ကြပေမယ့် Responsible Investment ဆိုတဲ့ စကားလုံးကို တရားဝင်စတင် သုံးစွဲလာခဲ့ကြတာကတော့ ၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂက Principles for Responsible Investment ကို ချမှတ်ဆောင်ရွက်ချိန်က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကလည်း Responsible Investment ဆိုတာ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။

          တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆိုတာ အခြေခံအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (Environmental) လူမှုရေးဆိုင်ရာ (Social) နဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ (Governance) အချက် အလက်တွေကို မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံခန့်ခွဲရာမှာ အကျုံးဝင်အောင် ထည့်သွင်း ဆောင်ရွက်ကြတဲ့ ချဉ်းကပ်မှုနည်းလမ်းဘဲ ဖြစ်ပါတယ်။ ဒီလိုချဉ်းကပ်ဆောင်ရွက်ရာမှာ စွန့်စားရ မှုကို ကောင်းစွာစီမံခန့်ခွဲပြီး အကျိုးအမြတ် ပိုမိုရရှိစေအောင်၊ တစ်နည်းအားဖြင့် မိမိတို့ရဲ့ ရင်းနှီး မြှုပ်နှံမှု ဗျူဟာတွေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးခံစားခွင့်တန်ဖိုးကို ပိုမိုတိုးတက်ထင်ဟပ် စေအောင် ဆောင်ရွက်ခြင်းဘဲ ဖြစ်ပါတယ်။

          တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းအရာတွေထဲ မှာ ထည့်သွင်းစဉ်းစားရမယ့် အဓိကအချက်တွေက မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက  ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ သက်ရောက်စေနိုင်မယ့် လုပ်ဆောင်မှုတွေ/သဘာဝအရင်းအမြစ်တွေကို  လျော့ပါးစေနိုင်တာတွေ ရှောင်ရှားခြင်း၊ အညစ်အကြေးစွန့်ပစ်မှုကို စနစ်တကျဆောင်ရွက်ခြင်း၊  ပတ်ဝန်းကျင်ညစ်ညမ်းမှု မပေါ်ပေါက်စေခြင်းတို့အပြင် သဘာဝသစ်တောတွေ ပြုန်းတီးမှုမရှိ အောင်ဆောင်ရွက်ခြင်းတွေလည်း အကျုံးဝင်ပါတယ်။ လူမှုရေးဆိုင်ရာ အခြေခံအကြောင်းအရာ တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု၊ ခေတ်သစ်ကျွန်ပြုမှု၊ ကလေးလုပ်သား သုံးစွဲမှုစတာတွေမရှိစေရေး၊ လုပ်ငန်းခွင် သာယာရေးနဲ့ လုပ်သားများနဲ့ဆက်ဆံရေး အခြေအနေ ကောင်းမွန်ရေး ထည့်သွင်းဆောင်ရွက်လေ့ရှိပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအကြောင်းအရာ တွေထဲမှာတော့ လာဘ်ပေးလာဘ်ယူမှုနဲ့ အာဂတိလိုက်စားမှုရှောင်ရှားရေး၊ စီမံခန့်ခွဲသူတွေရဲ့ လစာနှုန်းထား၊ ဒါရိုက်တာအဖွဲ့မှာ ကျား/မ၊ လူမျိုး/ဘာသာစသည်ဖြင့် မတူကွဲပြားမှုရှိခြင်းကို လက်ခံဖွဲ့စည်းခြင်း၊ နိုင်ငံရေးမဲဆွယ်မှုတွေနဲ့ လှူဒါန်းမှုတွေ ရောထွေးမှုမရှိစေခြင်းနဲ့ အခွန်စနစ် တကျပေးဆောင်မှုအတွက် လုပ်နည်းချမှတ်ထားတာတွေ ပါဝင်လေ့ရှိပါတယ်။

          ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ အထက်က ဖော်ပြခဲ့တဲ့ အခြေခံအကြောင်းတရားတွေကို ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းကို ဆန်းစစ်ခြင်းနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်း ဆောင်ရွက်တဲ့အခါ လိုက်နာဆောင်ရွက်ဘို့ အခြေခံလိုအပ်ချက်အဖြစ် အသိအမှတ်ပြု ဆောင်ရွက်လာကြပါတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက  အကျိုးအမြတ်ရရှိမည့်သူတွေ၊ ဖောက်သည်တွေကလည်း သူတို့နဲ့ ဆက်စပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို ပိုမိုလိုလား တောင်းဆိုလာမှုတွေကလည်း တွန်းအားတစ်ရပ် ဖြစ်စေပါတယ်။ နိုင်ငံအချို့မှာတော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ ကို စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်း ကျင့်သုံးလာကြပါတယ်။ တစ်ကယ်တော့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်ရင်း ရင်းနှီး မြှုပ်နှံသူ၊ နိုင်ငံသား၊ နိုင်ငံတော်အားလုံးအတွက် အကျိုးရှိစေမယ့် အခြေခံအကြောင်း တရားတွေ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး (Responsible Business Conduct)

          တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးတွေနဲ့ ပတ်သက်လာရင် ကမ္ဘာ့နိုင်ငံ အတော်များများက Organization for Economic Cooperation and Development – OECD က ၂၀၁၁ ခုနှစ် မေလ ၂၅ ရက်နေ့က အတည်ပြု ချမှတ်လိုက်တဲ့နိုင်ငံတကာဖြန့်ကျက် လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းများအတွက် OECD လမ်းညွှန်ချက် (OECD Guidelines for Multinational Enterprises)” ကို ကျင့်သုံးလိုက်နာဆောင်ရွက်ကြပါတယ်။ OECD လမ်းညွှန် ချက်တွေကို OECD အဖွဲ့ဝင်နိုင်ငံတွေသာမက အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း လမ်းညွှန် အဖြစ်လိုက်နာ ကျင့်သုံးကြပါတယ်။ OECD လမ်းညွှန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေး လုပ်ငန်းများအနေနဲ့ စီးပွားရေးဆိုင်ရာ (Economic) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (Environmental) နဲ့ လူမှုရေးဆိုင်ရာ (Social) ဖွံ့ဖြိုးတိုးတက်မှုတွေကို ကမ္ဘာအနှံ့ပြန့်ပွားစေဘို့ ဖြစ်ပါတယ်။ OECD လမ်းညွှန်ချက်ရဲ့ အခြေခံသဘောတရားမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိရင်းနှီးမြှုပ်နှံရာ နိုင်ငံကဥပဒေတွေကို လေးစားလိုက်နာဘို့ဟာ ပထမဆုံး ကျင့်သုံးရမယ့် အချက်ဖြစ်တယ်လို့ ဖော်ညွှန်းထားပါတယ်။ လမ်းညွှန်ချက်တွကို လိုက်နာကျင့်သုံးရာမှာ မိမိတို့၏ စီးပွားရေးလုပ်ဆောင်ရာ နိုင်ငံတွေရဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ကျော်လွန်ခြင်းမပြုရဘူး လို့လည်း ကန့်သတ်ထားပါတယ်။ လမ်းညွှန်ချက်မှာနိုင်ငံတကာဖြန့်ကျက်လုပ်ဆောင်သော စီးပွားရေး လုပ်ငန်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မည်သည့်စီးပွားရေးလုပ်ငန်းဖြစ်စေ နိုင်ငံတစ်ခု ထက်ပိုမိုလုပ်ဆောင်လျင်အကျုံးဝင်တယ်လို့ဖော်ပြထားပါတယ်။ ထိုနည်းတူ အစိုးရတွေကိုလည်း မိမိနိုင်ငံရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်မှုအတွက် OECD ရဲ့ လမ်းညွှန်ချက်ကို အလွဲအသုံးပြု ဆောင်ရွက်တာတွေ မလုပ်ကြဘို့လည်း တိုက်တွန်းထားပါတယ်။ OECD ရဲ့ လမ်းညွှန်ချက်တွေကို အောက်ပါအတိုင်း အကျဉ်းဖော်ပြလိုက်ပါတယ် -

          ()     ထုတ်ဖော်ဖွင့်ဟခြင်း (Disclosure) ကတော့ ပထမဆုံးလမ်းညွှန်ချက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ မိမိတို့ရဲ့ လုပ်ဆောင်မှုတွေ၊ ဖွဲ့စည်းမှုတွေ၊ ဘဏ္ဍာရေး အခြေအနေတွေ၊ အကောင်အထည်ဖော်နိုင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေ ကို အချိန်ကိုက် တိကျစွာ ထုတ်ဖော်ဖွင့်ဟပေးရမယ်လို့ ဆိုပါတယ်။ ဒီလိုထုတ်ဖော် ရာမှာ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေနဲ့ရလဒ်တွေ၊ မိမိတို့ရဲ့ရည်ရွယ်ချက်တွေ၊  အဓိက ရှယ်ယာပိုင်ဆိုင်သူတွေ၊ မဲပေးပိုင်ခွင့်ရှိသူတွေ၊ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ အရေးကြီးတဲ့ အမှုဆောင်အရာရှိတွေရဲ့ ဉာဏ်ပူဇော်ခ/လစာနှုန်းထားတွေ၊ ကုမ္ပဏီ အတွင်း ဆက်စပ်မှုရှိသူတွေရဲ့ ပစ္စည်းများလွှဲပြောင်းမှုတွေ၊ အလုပ်သမား ဆိုင်ရာ ကိစ္စတွေ စတာတွေကိုလည်း အကန့်အသတ်မရှိ ထုတ်ဖော်ဖွင့်ဟပေးဘို့ လမ်းညွှန် ထားပါတယ်။

          ()     လူ့အခွင့်အရေး (Human Right) ကို လေးစားလိုက်နာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စေမယ့် ကိစ္စရပ်များအားလုံးကို ရှောင်ရှားဘို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အကြောင်းကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် ချက်ချင်း ဖြေရှင်းဘို့၊ လူ့အခွင့်အရေး ထိခိုက်စေမယ့် သက်ရောက်မှုတွေကို တားဆီးဘို့ (သို့မဟုတ်) လျော့ပါးစေဘို့ နည်းလမ်းတွေရှာဖွေဘို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒဆိုင်ရာ စဉ်းစားဆောင်ရွက်မှုတွေ ပါဝင်စေ ဘို့၊ လူ့အခွင့်အရေးဆိုင်ရာဆန်းစစ်မှုတွေကိုလည်း ကျင့်သုံးဆောင်ရွက် သွားကြဘို့ စတဲ့ လမ်းညွှန်ချက်တွေပါရှိပါတယ်။

          ()     အလုပ်ခန့်ထားခြင်းနှင့် လုပ်ငန်းခွင်ဆက်ဆံရေး (Employment and Industrial Relations) နဲ့ပတ်သက်ပြီး အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် (သို့မဟုတ်) အလုပ်သမားများ ကိုယ်တိုင်ရွေးချယ် ဝင်ရောက်ခွင့်ကို လေးစားလိုက်နာဘို့၊ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ စုပေါင်းတောင်းဆိုမှုတွေကို အသိအမှတ်ပြုဘို့၊ အပြုသဘောဆောင် စေ့စပ်ဆွေးနွေးဘို့၊ ကလေးလုပ်သား အသုံးပြုတာတွေ ပပျောက်စေဘို့၊ အတင်းအကြပ်၊ အဓမ္မခိုင်းစေမှုတွေမျိုးစုံ ပပျောက်စေဘို့၊ အလုပ်သမားများကြားမှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဘို့၊ အလုပ်သမားကိုယ်စား လှယ်များနဲ့ စေ့စပ်ညှိနှိုင်းရာမှာ လိုအပ်တာကူညီပေးဘို့၊ သတင်း ပြည့်စုံစွာပေးဘို့၊ အလုပ်သမားများနဲ့ တိုင်ပင်ဆွေးနွေးဘို့စတဲ့ အခြေခံအကြောင်းအရာတွေ ပါရှိပါတယ်။

          ()     သဘာဝပတ်ဝန်းကျင် (Environment) ဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံကချမှတ်ထားတဲ့ မူဘောင်များနဲ့အညီ ဆောင်ရွက်ကြဘို့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ လုပ်နည်းစနစ်တွေကိုလည်း ထူထောင်ထားရှိကြဘို့၊ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်တွေ၊ စီးပွားရေးဆိုင်ရာ အတွင်းရေးတွေနဲ့ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးကာကွယ်ရေးကို ထိခိုက်မှုမရှိစေဘဲ အများ ပြည်သူနဲ့ မိမိရဲ့ လုပ်သားတွေကို ပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများနဲ့ ပတ်သက်ပြီး သက်ရောက်လာနိုင်တဲ့ကိစ္စရပ်တွေ ရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေမယ့် လုပ်ဆောင်မှု ရှောင်ရှား ခြင်း၊ မိမိကုမ္ပဏီရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း စတာတွေပါရှိပါတယ်။

          ()     လာဘ်ပေးလာဘ်ယူ၊ လာဘ်ပေးရန်မြူဆွယ်မှုနှင့် ငွေကြေးတောင်းခံမှုတိုက်ဖျက် ခြင်း (Combating Bribery, Bribe Solicitation and Extortion) တို့နဲ့ပတ်သက် ပြီး စီးပွားရေးလုပ်ငန်းတွေဟာ မိမိရဲ့ အခွင့်အရေး အကျိုးအမြတ်ရရှိဘို့ လာဘ် ပေးခြင်း၊ လာဘ်လာဘပေးရန် ကတိပြုခြင်း၊ တောင်းဆိုခြင်းတွေကို မပြုကြဘို့ တားမြစ်ထားပါတယ်။ အထူးသဖြင့် အစိုးရအရာရှိတွေနဲ့ မိမိတို့ရဲ့ စီးပွားဖက်တွေ ရဲ့ ဝန်ထမ်းတွေကို လာဘ်ပေးရန်ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း၊ လာဘ်ပေးခြင်း မပြုကြဘို့၊ အဆိုပါ ဆောင်ရွက်မှုမျိုး မပေါ်ပေါက်အောင် မိမိစီးပွားရေးလုပ်ငန်း အတွင်း ထိန်းချုပ်မှု၊ ကျင့်ဝတ်နဲ့ စည်းမျဉ်းလိုက်နာမှုတွေကို ချမှတ်ဆောင်ရွက်ကြ ဘို့၊ မိမိတို့ရဲ့ လုပ်ဆောင်မှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ကြဘို့၊ လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်လာ ရင် မိမိတို့ရဲ့ ဝန်ထမ်းတွေကို အသိအမြင်နဲ့ လိုက်နာဆောင်ရွက်မှု အားကောင်း လာအောင်ဆောင်ရွက်ကြဘို့  လမ်းညွှန်ထားပါတယ်။

          ()     စားသုံးသူများအကျိုးစီးပွား (Consumer Interests) ကိုလည်း လမ်းညွှန်ချက်မှာ ထည့်သွင်းထားပါတယ်။ အဓိကအားဖြင့် စားသုံးသူများနဲ့ ထိတွေ့ဆက်ဆံရာမှာ မျှတတဲ့ ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းစသည်တို့ကို ဆောင်ရွက်ကြဘို့ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ အများလက်ခံထားတဲ့ စံချိန်စံညွှန်းမီဘို့၊ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ပြည့်စုံလုံလောက်တဲ့ သတင်းအချက် အလက်တွေပေးဘို့၊ စားသုံးသူများနဲ့ အငြင်းပွားမှု ဖြစ်ပွားတဲ့အခါမှာ မျှတမှုရှိ အောင် ဆောင်ရွက်ကြဘို့၊ စားသုံးသူတွေကို လှည့်ဖြားခြင်း၊ လှည့်စားခြင်း၊ မမျှမတပြုခြင်းနဲ့ အတုအပဆောင်ရွက်ခြင်းတို့ကို ရှောင်ရှားကြဘို့၊ စားသုံးသူ များရဲ့ အသိအမြင် ကျယ်ပြန့်ရေးဆောင်ရွက်ပေးကြဘို့၊ စားသုံးသူများ၏ ပုဂ္ဂလိက လုံခြုံမှုကို အလေးဂရုပြုဘို့၊ စားသုံးသူများနဲ့ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက် မှုများကို တိုက်ဖျက်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဘို့ စတဲ့ အချက်တွေ ထည့်သွင်း လမ်းညွှန်ထားပါတယ်။

          ()     သိပ္ပံနှင့်နည်းပညာ (Science and Technology) နဲ့ပတ်သက်ပြီးတော့ စီးပွားရေး လုပ်ငန်းများအနေနဲ့ ၎င်းတို့သုံးစွဲတဲ့ နည်းပညာတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူဝါဒတွေနဲ့ ကိုက်ညီပြီး သဟဇာတဖြစ်စေဘို့၊ သက်ဆိုင်ရာ နိုင်ငံကို နည်းပညာနဲ့ အသိပညာ လွှဲပြောင်းပေးခြင်းကို မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း လက်တွေ့အခြေ အနေနဲ့ စပ်ဟပ်ပြီးဆောင်ရွက်ပေးကြဘို့၊ သက်ဆိုင်ရာ နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေမှာ သင့်လျော်သလို ပါဝင်ပေးကြဘို့၊ ဉာဏ ပစ္စည်းဆိုင်ရာ အခွင့်အရေးများနဲ့ ပတ်သက်တဲ့ လိုင်စင်များရယူတဲ့အခါမှာလည်း  သက်ဆိုင်ရာ နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သလို ထည့်သွင်းစဉ်းစားပေးကြဘို့၊ ဒေသခံတက္ကသိုလ်တွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဘို့ လမ်းညွှန် ထားပါတယ်။

          ()     ယှဉ်ပြိုင်မှု (Competition) နဲ့ ပတ်သက်လာရင် သက်ဆိုင်ရာနိုင်ငံက ယှဉ်ပြိုင်မှု ဥပဒေနဲ့ စည်းမျဉ်းတွေကိုလိုက်နာဘို့၊ ယှဉ်ပြိုင်မှုကို မမျှမတဖြစ်စေမယ့် လုပ်ဆောင်ချက်တွေ မလုပ်ကြဘို့၊ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ကြဘို့၊ မိမိရဲ့ ဝန်ထမ်းတွေကို ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အသိအမြင်တွေ ကျယ်ပြန့်လာအောင် ဆောင် ရွက်ကြဘို့ လမ်းညွှန်ထားပါတယ်။

          ()     အခွန်အကောက် (Taxation) ပေးဆောင်ခြင်းဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ပြည်သူ့ ဘဏ္ဍာဖြည့်ဆည်းမှုမှာ အရေးပါတာကို အလေးမူပြီး မိမိတို့ ပေးဆောင်ရမယ့် အခွန်ငွေကို အချိန်နဲ့တပြေးညီ ပေးဆောင်ကြဘို့၊ အခွန်အကောက်ဆိုင်ရာ ဥပဒေ နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဘို့၊ စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှု စနစ်တွေမှာ အခွန်အကောက်ဆိုင်ရာ စီမံအုပ်ချုပ်မှုနဲ့ အခွန်ပေးဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဆောင်ရွက်ကြဘို့လည်း လမ်းညွှန်ထားပါတယ်။

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မြန်မာပြည်

          မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဘို့အတွက်  ပြဋ္ဌာန်းချက်များ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက် ပုဒ်မ (က) မှာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ဆိုပြီး ပြဋ္ဌာန်းထား ပါတယ်။ ထို့အပြင် ပုဒ်မ ၂၅ မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေထဲမှာလည်း လိုအပ်တဲ့ပြဋ္ဌာန်းချက်တွေ ထည့်သွင်းခြင်း၊ ပုဒ်မ ၃၆၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၆၊ ပုဒ်မ ၅၁၊ ပုဒ်မ ၆၅ မှ ၆၇၊ ပုဒ်မ ၇၁ စသည်တို့နဲ့ နည်းဥပဒေများမှာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံး များနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

          ထိုနည်းတူ ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေမှာလည်း တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းကျင့်ထုံးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုအပ်သလို ထည့်သွင်း ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်ထုံးများနဲ့ပတ်သက်ပြီး ဥပဒေမူဘောင် အခိုင်အမာ ချမှတ်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ နယ်ပယ်အတွင်းမှာ တာဝန်ယူ မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်အားကောင်းလာဘို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ နိုင်ငံသားအားလုံးကလည်း မိမိတို့နဲ့ သက်ဆိုင်ရာ ကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ပေးကြဘို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။        

အောင်နိုင်ဦး