လန်ချန်း - မဲခေါင်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကျင်းပခြင်း

လန်ချန်း - မဲခေါင်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကျင်းပခြင်း

Posted on 22 September 2021

လန်ချန်း - မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအို နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် ဥပဒေစည်းမျဉ်းများဆိုင်ရာ ကောင်းမွန်သော အလေ့အထများကို ဖလှယ်ရန်နှင့် ဗဟုသုတကို မြှင့်တင်ရန်၊ ကိုဗစ် - ၁၉ ကပ်ရောဂါကာလအတွင်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို တုံ့ပြန် ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအစီအမံများနှင့် ဦးစားပေးလုပ်ငန်းကဏ္ဍများကို ဆွေးနွေး ရန်၊ လန်ချန်း - မဲခေါင်ဒေသတွင်းရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် လန်ချန်း - မဲခေါင် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး ဖြစ်သူ Mr. Tan Shufu တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။

ဆွေးနွေးပွဲပထမနေ့တွင် လန်ချန်း - မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ဆွေးနွေးပြောကြားသူများက နိုင်ငံအလိုက် ကိုဗစ် -  ၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအပြီး ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ၊ ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

ဆွေးနွေးပွဲပထမနေ့၏ ဆွေးနွေးချက်များအပေါ် အခြေခံ၍ ဆွေးနွေးပွဲဒုတိယနေ့တွင် ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ဒါရိုက်တာ Mr. Sophal Suon၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဌာနမှ တတိယအတွင်းဝန် Ms. Fan Yiyi၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမူနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးမင်းဇော်ဦး၊ လာအိုနိုင်ငံ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊  အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ အာဖရိကနှင့် ပစိဖိတ်မှ ဒါရိုက်တာ Mr. Kouthong Sommala၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်ရေးဗျူရိုမှ အမှုဆောင် ဒါရိုက်တာ Ms. Prewprae Chumrum၊ ဗီယက်နမ်နိုင်ငံI နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အေဂျင်စီမှ အကြီးတန်းအရာရှိ Mr. Nguyen Quang Vinh တို့သည် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု၏အရေးပါပုံ၊ အာဆီယံ သဘောတူညီချက် များနှင့် RCEP သဘောတူညီချက်တို့နှင့် ချိတ်ဆက်နိုင်မှုတို့အပြင်  လန်ချန်း - မဲခေါင်နိုင်ငံများ၏ စီးပွားရေးပိုမိုကောင်းမွန်လာစေရန်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မူဝါဒ ချမှတ်ဖော်ဆောင်ရေးအပိုင်း၊ ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ သတ်မှတ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ လက်ရှိနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါကာလအလွန်တွင် ဖြစ်ပေါ်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုအလားလာတို့နှင့်စပ်လျဉ်းသည့် မူဝါဒအကြံပြုချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ လန်ချန်း - မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ယခုလန်ချန်း - မဲခေါင် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးပွဲလည်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသည် လန်ချန်း - မဲခေါင် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရုံသာမက  လန်ချန်း - မဲခေါင် အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးဟူသည့် ဘုံအနာဂါတ်ကို အထောက်အကူပြုနိုင်မည်လည်း ဖြစ်ပါသည်။