လွိုင်ကော်၊ မေလ ၁၅ ရက်
ကယားပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို လျင်မြန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ကယားပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယား ပြည်နယ် ဦးစီးမှူးရုံးဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကယား ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်ကော်မြို့ပေါ်ရှိ အသင်းအဖွဲ့ အသီး သီးမှ အမှုဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။





