ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆိုပြုချက်များအပေါ် ကုန်ကျစရိတ်နှင့် အကျိုးအမြတ် စိစစ်ခြင်းဆိုင်ရာ သင်တန်း ကျင်းပခြင်း [1]

Posted on 16 January 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူး၍ အာဆီယံ-ဂျပန်စင်တာ၏  ASEAN National Activities 2017 လုပ်ငန်းဆိုင်ရာ ငွေကြေးအကူအညီနှင့်  United Nations Conference on Trade and Development (UNCTAD)၏ နည်းပညာအကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆိုပြုချက်များအပေါ် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်စိစစ်ခြင်းဆိုင်ရာသင်တန်းကို ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၁၆ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းကို ဝန်ထမ်းများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အဆိုပြုချက်များအပေါ် စိစစ်သုံးသပ်ခြင်းဆိုင်ရာ အရည်အချင်းများ ပိုမိုထိရောက် ကောင်းမွန် စေရန် ရည်ရွယ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

             အဆိုပါသင်တန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးသန်းအောင်ကျော် ၊ အာဆီယံ-ဂျပန်စင်တာ၏  အတွင်းရေးမှူးချုပ်  Mr Masataka Fujita နှင့် UNCTAD ၏ စီးပွားရေးရာ အရာရှိ Mr Yongfu Ouyang တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး သင်တန်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ စည်းမျဉ်းများ၊ ကုန်ကျစရိတ်နှင့်အကျိုးအမြတ်စိစစ်ခြင်း၊ အရည်အသွေး စိစစ်ခြင်း၊ ဘက်စုံစံသတ်မှတ်ချက်များနှင့် စိစစ်ခြင်းများမှ ရရှိမည့် အကျိုးအမြတ်များနှင့် ဦးစားပေးလုပ်ငန်း သတ်မှတ်ရန် စဉ်းစားခြင်းဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။

            သင်တန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနတို့မှ အရာထမ်း (၆၅)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတက်ရောက်သူများအကြား အသိပညာဗဟုသုတများ၊ အတွေ့ အကြုံများ ဖလှယ်ပြီး ပွင့်လင်းစွာ ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative