ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း [1]

Posted on 23 July 2018

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အာဏာသက်ရောက်မည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများက ပြင်ဆင်ပြောင်းလဲဆောင်ရွက်ရန်ကိစ္စရပ်များအား ချပြ ဆွေးနွေးခြင်းကိုလည်းကောင်း၊ ဥပဒေအား ကိုင်တွယ်ဆောင်ရွက်မည့် ဌာန၏ ဝန်ထမ်းများ အနေဖြင့် ဥပဒေနှင့် အကျွမ်းတဝင်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဌာနတွင်း ပြင်ဆင်မှုများကိုလည်းကောင်း၊ Online စနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ကိုလည်းကောင်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

 ဥပဒေအား အသုံးပြုကြမည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အရေးကြီးသည့် ပြဋ္ဌာန်းချက်များ၊ ဥပဒေအရ ခံစားနိုင်သည့် အခွင့်အရေးများ၊ ဆောင်ရန်/ ရှောင်ရန်ကိစ္စများနှင့် Myanmar Companies Online (MyCO) စနစ်ဖြင့် ကုမ္ပဏီမှတ်ပုံ တင်ခြင်း၊ ကုမ္ပဏီရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ MyCO အား အသုံးပြုခြင်း စသည်တို့ကို အကျွမ်းတဝင် ရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင် စနစ် MyCO နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက် မွန်းလွဲ    ၁ နာရီတွင် အသင်းချုပ်ခန်းမကြီး၌ ကျင်းပခဲ့ရာ စိတ်ဝင်စားသူ လုပ်ငန်းရှင် ၉၀၀ ကျော်ခန့် တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ၊ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ၊ ဦးအောင်နိုင်ဦးက ဥပဒေနှင့်ပတ်သက်၍ ကုမ္ပဏီများ နှင့် စီးပွားရေး အဖွဲ့အစည်းများ သိရှိလိုက်နာရန် လိုအပ်သည့် အချက်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ၊ ဦးမျိုးမင်းက အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် MyCO နှင့်စပ်လျဉ်း၍ သိရှိရန် လိုအပ်သည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက် သူများ၏ မေးမြန်းချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် ဦးမျိုးမင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

အချိန်ကန့်သတ်ချက်ကြောင့် မေးခွန်းမေးမြန်းရန် အခွင့်အရေး မရရှိခဲ့သည့် တက်ရောက် သူများအနေဖြင့် မိမိတို့ မေးမြန်းလိုသည်များကို အသင်းချုပ်သို့ စာဖြင့် ရေးသားမေးမြန်းနိုင်ပြီး အသင်းချုပ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနသို့ ဆက်လက်ပေးပို့ကာ ဌာန၏ ဖြေကြားချက်များကို အသင်းချုပ်နှင့် ဌာန၏ website များတွင်လည်းကောင်း၊ facebook တွင်လည်းကောင်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative