ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း စာအုပ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခြင်း [1]

Posted on 08 October 2018

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးနှင့် လာမည့် နှစ် (၂၀) အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် ရရှိစေရန် မျှော်မှန်းရေးဆွဲထားသည့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့၌ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

          အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား မဟာဗျူဟာများ ချမှတ်ကာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် Japan International Corporation Agency (JICA) မှ Senior Representative ဖြစ်သူ Mr. Mamoru SAKAI တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦး နှင့် Japan International Corporation Agency (JICA) မှ Team Leader ဖြစ်သူ Mr. Kazuo Mishima တို့မှ  Myanmar Investment Promotion Plan (MIPP) နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          စီမံကိန်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားသို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးအေဂျင်စီ(JICA)၊ GIZ ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် မီဒီယာမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။   

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative