ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


လာမည့်နှစ် (၂၀) အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော်ရရှိစေမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းစာအုပ် မိတ်ဆက်ခြင်းအခမ်းအနား [1]

Posted on 11 October 2018

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးနှင့် လာမည့်နှစ် (၂၀) အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် ရရှိစေရန် မျှော်မှန်း ရေးဆွဲထား သည့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၌ မန္တလေးတိုင်း  ဒေသကြီးရှိ မန္တလေးကွန်ဗင်းရှင်း စင်တာ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စီမံကိန်းသည် နိုင်ငံတော်အတွက်သာမက ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အတွက် များစွာ အကျိုးရှိနိုင်မည်ဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် သက်ဆိုင်သူများ အားလုံး ပူးပေါင်းဆောင်ရွက်လိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ ပြောကြားပါသည်။

          အဆိုပါ စီမံကိန်းသည်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား မဟာဗျူဟာများ ချမှတ်ကာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် ၊ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ GIZ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် မီဒီယာမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။                              

          အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော၊ သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် Japan International Corporation Agency (JICA) မှ Senior Representative ဖြစ်သူ Mr. Mamoru SAKAI တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦး နှင့် Japan International Corporation Agency (JICA) မှ Team Leader ဖြစ်သူ Mr. Kazuo Mishima တို့မှ  Myanmar Investment Promotion Plan (MIPP) နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative