ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Invest Myanmar Summit 2019 ကျင်းပခြင်းအခမ်းအနား [1]

Posted on 28 January 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကြီးမှူး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသိရှိနိုင်မည့်အပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရင်းနှီးစွာတွေ့ဆုံနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် Invest Myanmar Summit 2019 ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများနှင့် စတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများစုစုပေါင်း (၁၆၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ နိုင်ငံတကာနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ ၎င်းတို့ဒေသအလိုက် စီးပွားရေး အလားအလာကောင်းများကို ဦးတည်ခင်းကျင်းပြသထားသည့်“State and Region Focus Afternoon Session” နှင့် ကဏ္ဍအလိုက် ဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးပြောကြားသည့် “Project Discussion Sessions” များ ကျင်းပပြုလုပ်ခဲ့ပါသည်။

Invest Myanmar Summit 2019 အခမ်းအနား ဒုတိယနေ့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative