ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း [1]
ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်မှ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲနှင့် စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ Dana Facility နှင့် VDB-Loi Co., Ltd. တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

