ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အိန္ဒိယ-မြန်မာရင်းနှီးမြုပ်နှံမှုတိုးတက်စေရေးကြိုးပမ်းဆောင်ရွက် [1]

Posted on 04 March 2019

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ မြင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပသည့် India-Myanmar Investment Development Initiative ညှိနှိုင်းအစည်းအဝေးကို၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားအား အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ကုန်သွယ်ရေးဦးစီးဌာန ​ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရှေ့ဦးစွာ အိန္ဒိယသံရုံးမှ သံအမတ်ကြီး Mr. Saurabh Kumar မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ၊ လက်ရှိဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ကုန်သွယ်မှုဆိုင်ရာ အခြေအနေများကိုလည်းကောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုမြင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အာမခံလုပ်ငန်း၏ ဖြေလျော့မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ညွှန်ကြားရေးမှူးချုပ်များမှ အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ အိန္ဒိယ-မြန်မာ ကုန်သည်များအသင်းဝင် ကုန်သည်လုပ်ငန်းရှင်များ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative