ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး [1]
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍဆောင်ရွက်မည့် နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၂)ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု အား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၈.၄၉၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၀၉၅.၄၅၀ သန်း ဖြစ်ပြီး အဆိုပါလုပ်ငန်းစုစုပေါင်း(၁၃)ခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၇၅၄၁ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
