ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအလုပ်ရုံဆွေးနွေးပွဲ (အထက်မြန်မာပြည်) ကျင်းပခြင်း [1]

Posted on 20 May 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ Department for International Development (DFID)၊ DaNa Facility နှင့် International Trade Centre (ITC) တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ (အထက် မြန်မာပြည်) ကို ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ရှိ Hazel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာများနှင့် မူဝါဒများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဉီးကျော်မင်း၊ DaNa Facility မှ Team Leader ဖြစ်သူ Mr. Mark Birnbaum နှင့် International Trade Centre မှ Associate Adviser ဖြစ်သူ Ms. Olga Khomula တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ဝန်ကြီးချုပ်များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ Department for International Development (DFID)၊ DaNa Facility၊ the Asia Foundationနှင့် United Nations Capital Development Fund တို့မှ ကိုယ်စားလှယ်တို့မှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ဝန်ကြီးချုပ်များနှင့်အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းများမှ ကိုယ်စားလှယ်များ၊ Department for International Development (DFID)၊ DaNa Facility၊ the Asia Foundation၊ International Trade Centre (ITC)နှင့် UK Aid မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ (၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative