ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက်အစည်းအဝေး ကျင်းပ [1]
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဌ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမျိုးဆွေဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၄ သန်းခန့်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုကို အတည်ပြုပေးခဲ့ပြီး၊ အဆိုပါလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၃၀၀ ခန့်ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုရန် တင်ပြခြင်း၊ မွေးမြူရေးလုပ်ငန်းနှင့် ပြည်ပသို့ပြောင်းဆန်တင်ပို့ခြင်းလုပ်ငန်း တို့အတွက် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် အဆိုပြုတင်ပြလျှောက်ထားမှု အခြေအနေများအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။