ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြည့်ရှုအားပေးပြီး ကိုဗစ်ချေးငွေအတွက် လျှောက်လွှာများ လက်ခံဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြည့်ရှုအားပေးပြီး ကိုဗစ်ချေးငွေအတွက် လျှောက်လွှာများ လက်ခံဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

Posted on 24 September 2021

(ရန်ကုန်၊ စက်တင်ဘာ ၂၄)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ဖြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Shwe Me Thar Logistic Service Co., Ltd သို့‌ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို ကုမ္ပဏီ၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ လှိုင်မြစ်ရေကြောင်းလမ်းမှ သီလဝါဆိပ်ကမ်းနှင့် အခြားပြည်တွင်းဆိပ်ကမ်း များသို့  ကွန်တိန်နာ သယ်ယူပို့ဆောင်မှုနှင့် ပြည်ပသို့ ဆန်တင်‌ပို့နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြု ညှိနှိုင်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ဖြင့် ကုန်းတွင်းဆိပ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Resources Group Logistic Co., Ltd သို့ ရောက်ရှိခဲ့ ပါသည်။ လုပ်ငန်းခွင်၌ ကုမ္ပဏီ တာဝန်ရှိသူများက ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် ချိတ်ဆက်၍ ကုန်းတွင်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းသိုလှောင်၍ ဝန်ဆောင်ပေးနေမှု၊ ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ ကိုင်တွယ် ဆောင်ရွက်နေမှု၊ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များနှင့် Bonded warehouse  စနစ်ဖြင့် အကောက်ခွန် ရှင်းလင်းဝန်ဆောင်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် အကြုံပြုညှိနှိုင်းပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံးသို့ သွားရောက်ခဲ့ပြီး  ရန်ကုန်မြို့ရှိ ပြည်ပနိုင်ငံအသီးသီးမှ ကုန်သည် စက်မှု/ အသင်းများ၊  UMFCCI အဖွဲ့ဝင်များနှင့် တွေ့ဆုံ ခဲ့ရာ တက်ရောက်သည့် ကိုယ်စားလှယ်များက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာတွင် ကြုံတွေ့ နေသည့်အခက်အခဲများ၊ လုပ်ငန်းများ ဆက်လက်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနအသီးသီးက ကူညီဆောင်ရွက် ပေးစေလိုသည့် ကိစ္စများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူရေး၊ Online စနစ်ဖြင့် ဝန်ဆောင်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီး များ လျှော့ချရေးတို့အတွက် အလေးထား ဆောင်ရွက် ပေးမှုကိစ္စရပ်များ၊ စီးပွားရေး အသင်း အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို  ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံခြား စီးပွားရေးအသင်း အဖွဲ့များအနေဖြင့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ကိုဗစ် ချေးငွေအတွက် လျှောက်လွှာများ လက်ခံ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကိုဗစ် ချေးငွေလျှောက်ထားမှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ လက်ခံ ဆောင်ရွက်ပေး လျက်ရှိပြီး၊ UMFCCI အသင်းချုပ်ရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားခြင်း၊ သို့မဟုတ် Online မှ တစ်ဆင့်လည်း လျှောက်ထားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။