(၆) ကြိမ်မြောက် စင်ကာပူ-မြန်မာပူးတွဲဝန်ကြီးအဆင့် လုပ်ငန်းကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့၏နှစ်နိုင်ငံသဘောတူညီချက်များ

(၆) ကြိမ်မြောက် စင်ကာပူ-မြန်မာပူးတွဲဝန်ကြီးအဆင့် လုပ်ငန်းကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့၏နှစ်နိုင်ငံသဘောတူညီချက်များ

Posted on 13 June 2017

၁။      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Lim Hng Kiang တို့ ဦးဆောင်သည့်( ၆) ကြိမ်မြောက် စင်ကာပူ-မြန်မာ ပူးတွဲဝန်ကြီး အဆင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပ ခဲ့ပါသည်။ယင်းအစည်းအဝေးသည် မြန်မာ နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးများ အတွက် အုတ်မြစ်တစ်ခုဖြစ်ပါသည်။

၂။      ဤ ၆ ကြိမ်မြောက် အစည်းအဝေးကို အဓိကမဏ္ဍိုင်ကြီး (၃)ရပ်ဖြစ်သည့်  ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ တို့အတွက် ကျင်းပခြင်းဖြစ်ပြီး အဆိုပါ နယ်ပယ်များ၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်  ပြန်လည် သုံးသပ် ခဲ့ကြပါသည်။၎င်းတို့အပြင်  မြို့ပြဆိုင်ရာပြဿနာဖြေရှင်းချက်များ၊သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍ များတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါ သည်။

၃။      နှစ်နိုင်ငံစလုံးမှ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းခြင်း လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ် ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ကြပါသည်။ သဘောတူ စာချုပ်အား စေ့စပ် ညှိနှိုင်းခြင်းများပြုလုပ်ရန် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်တွင် တရားဝင် ကြေညာခဲ့ပါသည်။ ယင်း ကြေငြာချက်တွင် နှစ်နိုင်ငံသဘောတူစာချုပ်ကို ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုလွယ်ကူ ချောမွေ့စေသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန်နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးမှုကို မြှင့်တင်ရန်တို့ ပါဝင်သည်။

၄။      ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ဝန်ကြီး Mr Lim Hng Kiang တို့သည် ပူးတွဲ ဝန်ကြီးအဆင့် လုပ်ငန်း ကော်မတီအစည်းအဝေး၏ ဆက်စပ်ဆောင်ရွက်မှုများ အနေဖြင့် အောက်ပါသဘောတူ စာချုပ်များ လက်မှတ်ရေးထိုးမှုတွင် အသိသက်သေများ အဖြစ် ဆောင်ရွက်ခဲ့ကြပါသည် -

(က)   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း(International Enterprise)တို့အကြား ချုပ်ဆိုသော နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ သဘောတူစာချုပ်

(ခ)    မြန်မာနိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနနှင့် စင်ကာပူနိုင်ငံ SPRING Singapore တို့အကြား ချုပ်ဆိုသော နိုင်ငံတကာ စံချိန်စံညွှန်း များအပေါ် အခြေခံသော အသိအမှတ်ပြု အဖွဲ့အစည်းများ၏ အတည်ပြု အကဲဖြတ် စစ်ဆေးခြင်းများအတွက် ကျွမ်းကျင်မှုများ ဖလှယ်နိုင်ရေး ဆိုင်ရာ သဘောတူစာချုပ်

၅။      ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ “ကျွန်ုပ်တို့အနေဖြင့် ဤအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များ တက်ကြွစွာ ပူးပေါင်းပါဝင်မှု အတွက် အထူးပင် ဂုဏ်ယူပါကြောင်း၊ ယနေ့ပြုလုပ်သော စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုသည် အနာဂတ်စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ အင်အားတောင့်တင်းအောင် ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်ခြင်းပင်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရမည် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

၆။      ၁၉၉၅ ခုနှစ်ကတည်းက ဖွဲ့စည်းကျင်းပခဲ့သော ဤပူးတွဲဝန်ကြီးအဆင့် လုပ်ငန်း ကော်မတီအစည်းအဝေးသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်သော လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံရေးများကို နွေးထွေးစွာဖလှယ်နိုင်ခဲ့ပါသည်။၂၀၁၆ ခုနှစ်တွင် မြန်မာနှင့် စင်ကာပူအကြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃.၃ ထရီယံထိရှိခဲ့ပါသည်။ စင်ကာပူနိုင်ငံသည် ၂၀၁၆ ဘဏ္ဍာနှစ် (၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ)၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃.၈ သန်းဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သောအများဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

သတင်းထုတ်ပြန်ချက်အားရယူရန်