အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်အပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ရေးဆိုင်ရာ အစည်းအဝေး

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်အပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ရေးဆိုင်ရာ အစည်းအဝေး

Posted on 14 July 2017

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်အပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ရေးဆိုင်ရာ  အစည်းအဝေးအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် Southeast Asia and Pacific office of the US Trade Representative မှ ဒါရိုက်တာဖြစ်သူ  Ms Christine Brown တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြ ပါသည်။

အမေရိကန်နှင့်မြန်မာနိုင်ငံတို့အကြား ၂၀၁၃ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအား ချမှတ်နိုင်ရန် ရည်ရွယ်၍ အဆိုပါအစည်းအဝေးအား ကျင်းပပြုလုပ်ခြင်း ဖြစ်ပါ သည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အရာထမ်း(၃၅)ဦးနှင့် Southeast Asia and Pacific office of the US Trade Representative နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု၊ သွင်းကုန် ခွင့်ပြုမိန့်၊ အသိဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့်နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ အား  နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။