ရခိုင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများ နှင့် ကုမ္ပဏီဖွဲ့စည်း တည်ထောင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို လျင်မြန် လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးနှင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၀င်းရှိ အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ပါသည်။
အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ရခိုင်ပြည်နယ် ဦးစီးမှူးရုံး အား ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်အေးသိန်း နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးနှင့် ပြည်နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်များအား စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြ သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းအား စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦး မှရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ အလားအလာ များနှင့် ဦးစီးဌာနက ဆောင်ရွက်ပေး မည့် ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် ပထမဦးဆုံး မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီ (၅) ခု ဖြစ်သည့် ဂစ္ဆပအလင်းတန်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားများ ကုမ္ပဏီ လီမိတက်၊ ကစ္ဆပနဒီ ဖွံ့ဖြိုးတိုက်တက်ရေး ကုမ္ပဏီ လီမိတက်၊ စိုးသန်းနိုင် ကုမ္ပဏီလီမိတက်၊ ပထမ ရခိုင်အမျိုးသားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်နှင့်ကျော်သိန်းနှင့်မိသားစုကုမ္ပဏီ လီမိတက် တို့အား ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်အေးသိန်းမှ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ တည်ထောင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသော လုပ်ငန်းရှင်များမှ မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။





