မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation တို့ပူးပေါင်း၍ Myanmar Investors Grievance Mechanism အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Novotel Hotel Max တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာရပ်များအား တရားဝင်အငြင်းပွားမှုအဆင့်သို့ မရောက်ရှိမီ ရင်းနှီးမြှုပ်နှံသူများ၏ အခက်အခဲများ၊ နစ်နာမှုများနှင့် ပဋိပက္ခများကိုဖြေရှင်းနိုင်ရန် နစ်နာမှုဖြေရှင်း သည့် နည်းလမ်းများချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း(၅၀)ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် International Finance Corporation မှ Country Manager, Mr. Vikram Kumar တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Experts များက Investor Grievance Mechanism၏ အခြေခံသဘောတရားများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နစ်နာမှုဖြေရှင်း သည့် နည်းလမ်းအမိန့်ကြော်ငြာစာ ထုတ်ပြန်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။




