ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

Posted on 10 May 2018

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြဿနာရပ်များအား တရားဝင်အငြင်းပွားမှုအဆင့်သို့ မရောက်ရှိမီ ဖြေရှင်းနိုင်ရန်၊ အငြင်းပွားမှုဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှု ဖြေရှင်းသည့် နည်းလမ်း (IGM) ကိုအကောင်အထည်ဖော်နိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် International Finance Corporation (IFC) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်း သည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်း ဆွေးနွေးပွဲ ကို၂၀၁၈ ခုနှစ် မေလ ၁၀ရက် နေ့တွင် Amata Garden ResortHotel ၊ ပုဂံမြို့သစ် ၊ မန္တလေးတိုင်းဒေသကြီး ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံသူ ၏နစ်နာမှုဖြေရှင်းသည့်နည်းလမ်း (IGM)၏ အရေးပါမှုကိုသိရှိနားလည်ရန်၊ အခြားနိုင်ငံများ၏ ကောင်းမွန်သော အလေ့အကျင့်များနှင့်အတူ IGM ၏ ဖြစ်နိုင်ချေရှိသော ဖွဲ့စည်းပုံနှင့်လုပ်ငန်း ဆောင်ရွက်ချက်များကိုဆွေးနွေးရန် ၊ ရင်းနှီးမြှုပ်နှံမှု နစ်နာမှုဖြေရှင်းသည့် နည်းလမ်းများကို အကောင်အထည်ဖော်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ​ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ အခန်းကဏ္ဍ ကိုနားလည်စေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့် နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲ သို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် များအပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးနှင့် IFC မှPrivate Sector Specialist ဖြစ်သူ ဦးသစ္စာတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ၊ ဦးအောင်နိုင်ဦးက The activities of Investors’Assistance Committee and Challenges ခေါင်းစဉ် ဖြင့် ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေးကော်မတီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ကော်မတီဖွဲ့စည်းပြီးနောက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. SufianJusohမှ The Concept and Function Investor Grievance Mechanism (IGM) and the Best Practice of IGM ခေါင်းစဉ် ဖြင့်လည်းကောင်း ၊ BLP Law Firm မှ Partner ဖြစ်သူ Mr. Chris Hughes မှ Myanmar Investment Law: the proposed Legal Framework for Investor Grievance Mechanism and key policy considerations ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါသည်။

တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအသီးသီးမှ ဝန်ကြီးများ ၊ အရာထမ်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲအား ညနေ ၄:၃၀နာရီ အချိန်တွင် International Finance Corporation (IFC) မှ Private Sector Specialist ဖြစ်သူ ဦးသစ္စာမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ ရုတ်သိမ်းခဲ့ပါသည်။