မကာအိုအထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပသည့် (၂၃) ကြိမ်မြောက် မကာအို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်ရန် ဟောင်ကောင်မြို့သို့ ရောက်ရှိလာသည့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင်မြို့သို့ ဖြတ်သန်းရောက်ရှိစဉ် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet-ngor အား ၁၆-၁၀-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှု တိုက်ဖျက် ရေး လုပ်ငန်းစဉ်အတွက် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အကူအညီရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများပေးအပ်သွားရေး၊ အသက်မွေးဝမ်းကြောင်း ပညာလေ့ကျင့်ပေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလှည့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကဏ္ဍတွင် နှစ်ဖက် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရေး၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေး နှင့်ပတ်သက်၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ အတွေ့အကြုံ ဖလှယ်ရေးတို့အား ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကာအိုဒေသ၌ မကာအိုအုပ်ချုပ်ရေးမှူးချုပ်ဟောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၊ ဒုတိယဥက္ကဋ္ဌ၊ Mr. Edmund Ho Hau Wah အား ၁၈-၁၀-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မကာအိုအထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် မကာအို ဒေသအကြား ခရီးသွားလာရေးမြှင့်တင်မှုဆိုင်ရာလုပ်ငန်းများ၊ မကာအို၏အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်းနှင့် ပေါ်တူဂီဘာသာစကားပြော နိုင်ငံများနှင့် ဆက်သွယ်ရန် စင်္ကြံတစ်ခုဖြစ်သည့် မကာအိုဒေသကို အခြေပြု၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမို လာရောက်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆွေးနွေးပွဲကို ဟောင်ကောင် မြို့ Island Shangri-la ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟောင်ကောင်အထူး အုပ်ချုပ်ရေး ဒေသအစိုးရ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အတွင်းဝန် (ဝန်ကြီး) Mr. Edward Yau Tang-wah နှင့် အခြားသော အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ ဟောင်ကောင် ကုန်ထုတ်လုပ်မှု ကောင်စီ၊ ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် ဟောင်ကောင်အခြေစိုက်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ၁၈-၁၀-၂၀၁၈ ရက်နေ့တွင် (၂၃) ကြိမ်မြောက် မကာအို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲ ဖွင့်ပွဲအခမ်းအနား၊ ပေါ်တူဂီစကားပြောနိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင် မှုပြပွဲဖွင့်ပွဲအခမ်းအနား၊ မကာအို-အာဆီယံနိုင်ငံတကာကုန်သည်ကြီးများအသင်းမှ ကြီးမှူး ကျင်းပသည့် အာဆီယံပြခန်းများ၏ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ် Mr. Fernando Chui Sai On မှ ဧည့်သည်တော်ဝန်ကြီးများအား လက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ညပိုင်းတွင် မကာအို ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဥက္ကဋ္ဌမှ တည်းခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မိုဇမ်ဘစ်နိုင်ငံမှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Ragendra de Sousa လည်း တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း မကာအို လူမှုရေးနှင့် ယဉ်ကျေးမှု ဌာန၊ အတွင်းဝန် (ဝန်ကြီး) Mr. Alexis Tam Chon Weng နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် မကာအိုဒေသတို့အကြား ယဉ်ကျေးမှုဖလှယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲ ကို Macau Science Museum ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမျိုးသူနှင့် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးတို့ လိုက်ပါသွားကြပါသည်။


