အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ သံအမတ်ကြီး ဖြစ်သူ Amb. Michael W. Michalak ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အသစ်ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ပထမဦးဆုံးလာရောက် တွေ့ဆုံဆွေးနွေးသော အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပါသည်။ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးများဖြစ်သည့် Chevron၊ Ford၊ Amazon၊ Coca-Cola၊ Master Card and Visa အစရှိသည့် နိုင်ငံတကာကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များပါဝင်ပြီး စွမ်းအင်ကဏ္ဍ၊ စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍ၊ သတင်းနှင့် နည်းပညာကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ ငွေရေးကြေးရေး ဝန်ဆောင်မှု ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းကြီးများဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် အမေရိကန်-မြန်မာနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဆိုင်ရာ ဆက်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။


