အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၅၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၅၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Posted on 20 February 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါသည်။

                   အဆိုပါအစည်းအဝေးတွင် ဘယ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ CMP စနစ်ဖြင့် စက်ထိုး အထည်များ  ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် (Industrial Complex) တည်ထောင် လည်ပတ်ခြင်း လုပ်ငန်း (အဆင့်-၁)၊ ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းနိုင်ငံမှ လက်လီလက်ကား ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း နှင့် စင်ကာပူနိုင်ငံမှ လက်လီရောင်းဝယ်ခြင်းနှင့် ကုန်သိုလှောင်မှုလုပ်ငန်း တို့ကို ခွင့်ပြုပေးခဲ့ပါသည်။

            အထက်ပါလုပ်ငန်း(၇) မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၂.၆၂၉) သန်း ရှိပြီး၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၅၇၂) ဦး ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။