စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့မှ ကြီးမှူးကျင်းပသည့် Mandalay International Trade Fair and Business Forum 2019 ကို Mandalay Convention Center ၌ ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဦးရဲလွင်နှင့် မန္တလေးတိုင်းဒေသကြီးမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ ကိုယ်စားလှယ်များ၊ UMFCCI နှင့် MRCCI တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ စုစုပေါင်း ၈၀၀ ကျော်ခန့် တက်ရောက်ခဲ့ပါသည်။
ဖိုရမ်၏ ပထမနေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုတို့မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် UMFCCI နှင့် MRCCI တို့မှ ဥက္ကဋ္ဌများမှလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


ဖိုရမ်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ Mandalay Vision 2030 ကို ဆွေးနွေး ရှင်းလင်းခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ Mandalay Beyond Horizon ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မေးခွန်းများအား ဖြေကြားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များအချင်းချင်း မိမိစိတ်ပါဝင်စားမှု ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။



