ယှဉ်ပြိုင်နိုင်စွမ်းပိုမိုမြင့်မားလာရေးနှင့်မြန်မာ့စီးပွားရေးဝန်းကျင်

ယှဉ်ပြိုင်နိုင်စွမ်းပိုမိုမြင့်မားလာရေးနှင့်မြန်မာ့စီးပွားရေးဝန်းကျင်

Posted on 05 July 2019

လွတ်လပ်၍ မျှတသောယှဉ်ပြိုင်မှုရှိသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင် မှသာနိုင်ငံစုံမှ အရည်အသွေးပြည့်ဝ တဲ့ရင်းနှီးမြှုပ်နှံမှုကြီးများ ပိုမိုဝင်ရောက် လာမှာဖြစ် ပါတယ်။ ဒီလိုဝင်ရောက်လာဖို့လဲ နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး မဟာ ဗျူဟာကောင်းများချမှတ်ထားတာကိုလည်းတွေ့မြင်ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးမဟာဗျူဟာကောင်းဆိုတာကတော့ ပွင့်လင်းမြင်သာမှု၊ ရိုးရှင်းလွယ်ကူမှု နဲ့ ကြိုတင်ခန့်မှန်း နိုင်မှုဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့အောင် ဆောင်ရွက်ရာမှာအရေးကြီးတဲ့ အခြေခံသဘော တရားများနဲ့အညီရင်းနှီးမြှုပ်နှံမှု လျှောက်ထားလွှာများကိုသမာသမတ်ကျကျနဲ့ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လုပ်အားခသက်သာမှု၊ သယံဇာတကြွယ်ဝမှု၊ စျေးကွက်ကြီးမားမှု၊ နေရာဒေသအချက်အချာကျမှုတို့အပြင် ရင်းနှီးမြှုပ်နှံ သူများအတွက် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာမက်လုံးများပေးခြင်းဖြင့် ဆွဲဆောင်လျက် ရှိနေပါတယ်။ သို့သော်လည်း ထိုကဲ့သို့တူညီသော အခြေအနေမျိုးရှိသည့် နိုင်ငံများမှလည်း အလားတူ ရင်းနှီးမြှုပ်နှံ သူများကိုဆွဲဆောင်မှာဖြစ်တဲ့အတွက် မိမိတို့နိုင်ငံအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြှင့်တင်ရမှာ ဖြစ်ပါ တယ်။

ထိရောက်ကောင်းမွန်သော ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းဟာ အရေးပါ လျက်ရှိနေပါတယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာခြင်းနှင့်အတူ ပြည်တွင်းလုပ်ငန်းများအနေနဲ့လည်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားအောင် ကြိုးစားခြင်းဖြင့် ပြည်တွင်း၌ သာမကဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးဈေးကွက်ကိုထိုးဖောက် ဝင်ရောက်နိုင်အောင် ကြိုးပမ်းရမှာ လည်းဖြစ်ပါတယ်။ လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံသူများအနေနဲ့လည်းမိမိတို့နဲ့ လုပ်ငန်းတူရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာခြင်း ကို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအဖြစ် ရှုမြင်ကာ အမိအရဖမ်းဆုပ်ရမှာပဲဖြစ်ပါတယ်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများဝင်ရောက်လာခြင်းကြောင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံ သူများရဲ့ လုပ်ငန်းများပိုမိုတိုးတက်အောင် တွန်းအားပေးနိုင်မှာဖြစ်သလို၊ တီထွင်ဆန်းသစ်မှု ကိုတွန်းအားပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ ဝယ်ယူစားသုံးသူများအနေနဲ့လည်းမိမိတို့စိတ်ကြိုက် ကုန်စည်နဲ့ဝန်ဆောင်မှုများကိုရွေးချယ်နိုင်မှာဖြစ်ပြီးသင့်တင့်မျှတသောဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲခွင့် ပိုမိုရရှိလာမှာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းဟာ အရေးပါတဲ့ ဖွံ့ဖြိုးမှုမူဝါဒတစ်ရပ် ဖြစ်တဲ့အတွက်လည်း အစိုးရအနေနဲ့ တာဝန်ယူမှုရှိပြီးအရည်အသွေးပြည့်ဝရုံသာမကစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းမှာပါမက ပြည်ပနိုင်ငံများထိပါ သွားရောက်၍ ဆွဲဆောင်နေတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒီလိုဆွဲဆောင်ခဲ့မှုများရဲ့ ရလဒ်ကောင်းများကိုလည်းသတင်းမီဒီယာများမှာတွေ့မြင်နေရပါ တယ်။ လက်တလောစိတ်ဝင်စားဖွယ် သတင်းများအနေနဲ့ ပြည်ပမော်တော်ကား ကုမ္ပဏီများ ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြတာကို သတိပြုမိပါတယ်။ အဆိုပါ ကုမ္ပဏီများ ဟာ နိုင်ငံစုံလုပ်ငန်းကြီးများဖြစ်တဲ့အတွက် ယင်းကဲ့သို့မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာခြင်းမှာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ပိုမိုယုံကြည်လာကြောင်း ထင်ရှားစေလျက် ရှိနေပါတယ်။

စင်ကာပူနိုင်ငံမှ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာComplete Knocked Downစနစ် နဲ့ပြည်တွင်းမှာပထမဆုံးဥရောပစံချိန်စံညွှန်းမီအရည်အသွေးပြည့်ဝတဲ့ SC NEUSTAR ဘတ်စ် ကားများကိုထုတ်လုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းကိုမီဒီယာများကတဆင့် ကြားသိရပါတယ်။ အဆိုပါ စက်ရုံဟာတစ်နှစ်ကိုဘတ်စ်ကားအစီးရေ ၆၀၀ အထိထုတ်လုပ်နိုင်စွမ်းရှိပြီးပြည်တွင်း၌ သာမကဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတို့ကိုလဲတင်ပို့ရောင်းချသွားမှာဖြစ်ကြောင်းသိရှိရပါ တယ်။ ထို့အတူတိုယိုတာကားကုမ္ပဏီအနေနဲ့လည်းတစ်နှစ်လျှင် Toyota Hilux ကားအစီးရေ ၂၅၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံကိုမြန်မာနိုင်ငံမှာတည်ထောင်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်။

ဒီလိုနိုင်ငံစုံကော်ပိုရေးရှင်းကြီးများဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပိုမိုကျယ်ပြန့် ကောင်းမွန်လာကာ မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍမှာယှဉ်ပြိုင်နိုင်စွမ်းပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ မော်တော်ယာဉ်အသစ် ဈေးကွက်ကျယ်ပြန့် လာမှုအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပူးပေါင်းပါဝင်လာမှုနဲ့အတူပြည်တွင်းတွင် ထုတ်လုပ်သော မော်တော်ယာဉ်နှင့် ဆက်စပ်အစိတ်အပိုင်းများကိုပြည်ပနိုင်ငံများသို့ ဆက်သွယ် တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်း များဖြစ်စေ မှာလည်းဖြစ်ပါတယ်။

အရည်အသွေးပြည့်ဝတဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Corporations -MNCs)ဝင်ရောက်လာတာဟာ မြန်မာနိုင်ငံမှာစီးပွားရေးဆိုင်ရာဥပဒေများ ပိုမိုခိုင်မာလာကြောင်း၊ လုပ်ထုံးလုပ်နည်းများပိုမိုလွယ်ကူမြန်ဆန်လာကြောင်း၊ တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်း လာကြောင်းနှင့် အဂတိတရားပိုမိုကင်းရှင်းလာကြောင်းထင်ရှားစေတဲ့ အချက်များပဲဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့လည်းယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်းရဲ့ အကျိုးကျေးဇူးကိုရရှိခံစားရလျက် ရှိနေပါတယ်။ ယခင်ကဆင်းမ်ကဒ်တစ်ကဒ်ကိုကျပ်သိန်း ၅၀ ကျော် အကုန်အကျခံ၍ ပေးဝယ်ခဲ့ရကြသော်လည်းစျေးကွက်စီးပွားရေးပိုမိုပွင့်လင်းလာပြီးပုဂ္ဂလိကကိုဖက်စပ်ဆောင်ရွက်ခွင့်ပြုခဲ့တာကြောင့် ဆက်သွယ်ရေးအော်ပရေတာများပိုမိုများပြားလာတဲ့အတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကာ ဆင်းမ်ကဒ်များကိုလူတန်းစားမရွေးဝယ်ယူ အသုံးပြုနိုင်ပြီးလူတိုင်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ခဲ့တာလည်းကျွန်မတို့ ကိုယ်တွေ့ပဲဖြစ်ပါတယ်။ ဒီလိုအော်ပရောတာ တွေများပြား လာတာနဲ့အမျှ ကျွန်မတို့စိတ်ကြိုက် ရွေးချယ်နိုင်မှုများပြားလာသလိုသင့်တင့်မျှတသောဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့လည်းအခြေခံအဆောက်အဦကောင်းများပိုမိုဖော်ဆောင်ပေးပြီး၊ အဆင့်အတန်းမြင့်မားသည့် စီးပွားရေးဝန်ဆောင်မှုကောင်းများ၊ အရည်အသွေးပြည့်ဝပြီးသင်လွယ် တတ်လွယ်သောလုပ်သားအင်အားနှင့် ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများကာကွယ်ပေးနိုင်မှုတို့ ပိုမိုအားကောင်းစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများပိုမိုလွယ်ကူချောမွေ့လာအောင် ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေစဉ် ကာလတစ်လျောက်လုံးမှာလဲ လာဘ်ပေး လာဘ်ယူမှုအလေ့အထများ ပပျောက်အောင် ထိရောက်စွာဆောင်ရွက်ခြင်းတို့ပါဝင်တဲ့ ခိုင်မာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ပွင့်လင်းမြင်သာမှုတို့ ပိုမိုဖော်ဆောင်ထိန်းသိမ်းရန်လည်းလိုအပ် ပါတယ်။

ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ရင်းနှီးမြှုပ်နှံရန် နေရာဒေသရွေးချယ်ရာမှာအကျိုးအမြတ် ရရှိမည့် နေရာကိုသာမက၊ ၎င်းတို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများကို အကာအကွယ်ပေးနိုင်မှု အားကောင်းသည့် နေရာများကိုလည်းရွေးချယ်၍ ရင်းနှီးမြှုပ်နှံကြမှာဘဲဖြစ်ပါတယ်။

          အစိုးရအနေနဲ့လည်းလုပ်သာကိုင်သာရှိသော ကြိုတင်ခန့်မှန်းနိုင်သော ယှဉ်ပြိုင်နိုင်စွမ်း ရှိသော အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေ မူဘောင် အားကောင်းအောင်လည်း ဖော်ဆောင်ပေးထားပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများနဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုဥပဒေနှင့်အညီအကာအကွယ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဉပဒေ၊ မြန်မာနိုင်ငံမှာအလွယ်တကူကုမ္ပဏီဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက် MyCo လို့ခေါ်တဲ့ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်နဲ့အတူ ကုမ္ပဏီဆိုင်ရာလုပ်ငန်းများကို ဥပဒေနဲ့အညီထိန်းကျောင်းပေးမဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ဈေးကွက်တွင် လွတ်လပ်၍ မျှတသောယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန်အတွက် ယှဉ်ပြိုင်မှုဥပဒေ၊ စွန့်ဦးတီထွင်သူ များ၏ ကြိုးစားအားထုတ်မှုကိုခိုင်မာစွာအကာအကွယ်ပေးရန်၊ တီထွင်ဆောင်ရွက်မှုများကို အားပေး ရန်နှင့် အတုအပထုတ်လုပ်သူ၊ မသမာသူများမရှိခြင်းဖြင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်စွာနှင့် မျှတစွာယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရန် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်တဲ့စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေစတဲ့ ဥပဒေများ ကိုလဲပြဌာန်း ထားပြီး ဖြစ်ပါတယ်။ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်းတဲ့စားသုံးသူ၊ သုံးစွဲသူများရဲ့ အခွင့်အရေးများ အပြည့်အဝအကာအကွယ်ပေးနိုင်စေရန်နှင့်စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား မျှတမှု ရှိသောလုပ်ငန်းစဉ်ဖြစ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စီးပွားရေးလုပ်ငန်းများ အကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ထိရောက်မြန်ဆန်စွာဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း ပေးနိုင်မည့် အနုညာတဥပဒေတို့ကိုလည်း ပြဌာန်းပေးပြီးဖြစ်ပါတယ်။

နိုင်ငံစုံမှ ရင်းနှီးမြှုပ်နှံမှုကြီးများဝင်ရောက်လာရာမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေမှာဖြစ်ပြီး၊ နည်းပညာအသစ်အဆန်းများလည်း လွှဲပြောင်းရရှိနိုင်မှာဖြစ်ပါတယ်။ ထိုသို့ သောအခွင့်အလမ်းများကိုအမိအရအသုံးချပြီးကျွမ်းကျင်လုပ်သားများဖြစ်အောင် လေ့လာနိုင်ပါက Home-grown Technologies များဖန်တီးပေးနိုင်သည့် ပညာတတ် လူ့အသိုင်းအဝိုင်း တစ်ခုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံစုံလုပ်ငန်းကြီးများကြောင့် ပြည်တွင်းထုတ်ကုန် များကိုကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ချိတ်ဆက်၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေရရှိကာအခွန်ဘဏ္ဍာများရရှိပြီးပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုးတက်ဖို့အတွက် အထောက်အပံကောင်း များဖြစ်တဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးပွင့်လင်းလာမှု၊ အင်စတီကျူးရှင်းများနှင့် အခြေခံအဆောက်အဦများ၏ အရည်အသွေးနှင့် ဥပဒေမူဘောင် အားကောင်းဖို့အတွက် ဘက်စုံထောင့်စုံမှ ဖြည့်ဆည်းပေးနေချိန်မှာ ကျွန်မတို့ရဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ကပြည်ပရင်းနှီးမြှုပ်နှံသူများကိုနွေးထွေးစွာဖိတ်ခေါ်၍၎င်းတို့ထံမှ ရရှိနိုင်မည့် နည်းပညာ၊ ဈေးကွက်ချိတ်ဆက်မှု၊ စီမံခန့်ခွဲမှုနှင့် ကုန်ထုတ်လုပ်မှုနည်းဗျူဟာများကို အရယူ၍ ယှဉ်ပြိုင် နိုင်စွမ်း မြင့်မားအောင် ကြိုးစားခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်ကိုတဟုန်ထိုးထိုးဖောက်ရမဲ့ အချိန် ကောင်းပဲဖြစ်ပါတော့တယ်။