ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ်၊ သုခိတာရာမ(ယဉ်ငေး)ကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက် ကြည်ညို ခဲ့ကြပါသည်။
ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပရာ သုခိတာရာမ (ယဉ်ငေး)ကျောင်း ပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာကြားကြ ပါသည်။
ယင်းနောက် ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ဆရာတော်၊ သံဃာတော် များထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း တရားနာယူကြပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေကြပါသည်။
အခမ်းအနားအပြီးတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူ လာကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။






