
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

နေပြည်တော်၊ မေ ၂၂
Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာ ဒေသများမှလည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၂)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ နှင့် ဝန်ဆောင်ကဏ္ဍတို့မှ လုပ်ငန်း အသစ် (၉)ခု ကို ခွင့်ပြုခဲ့ ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၈၄.၂) သန်းနှင့် ကျပ် (၉၆,၀၃၄.၄၅၁) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၇၄%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၆.၀၇%) ဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၆%) ဖြင့် လည်းကောင်း ရင်းနှီး မြှုပ်နှံထားပါသည်။


