
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(ရန်ကုန်၊ ဇွန် ၆)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် လျှက်ရှိသည့် မြေအုတ်အစားထိုးဖြစ်သော အပေါ့စား သဲကွန်ကရစ်အုတ်၊ ဖိအားမြင့်ခံ သဲကွန်ကရစ် အုတ်နှင့် အဆင့်မြင့်မီးခံအုတ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်ရုံမှ တာဝန်ရှိသူများနှင့် စက်ရုံ၏ လုပ်ငန်းလည်ပတ်မှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို လိုက်လံ ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ စက်ရုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးရီက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရ သည့် အခက်အခဲများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို စက်ရုံအစည်းအဝေးခန်းမ၌ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတို့က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်ပိုမိုရရှိရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းကျဆင်းစေရေးအတွက် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများတွင် စက်ရုံ ထုတ်အုတ်များ တိုးမြှင့်အသုံးပြုနိုင်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါစက်ရုံသည် တစ်နှစ်လျှင် အပေါ့စား သဲကွန်ကရစ်အုတ်၊ ဖိအားမြင့်ခံ သဲကွန်ကရစ် အုတ်နှင့် အဆင့်မြင့်မီးခံအုတ် ၃၁၅ သန်း ထုတ်လုပ်နိုင်ပြီး မြေအုတ်အစားထိုး အဆင့်မြင့် နည်းပညာသုံးအုတ်များ ထုတ်လုပ်ရာတွင် မြစ်သဲကို အခြေခံသုံးစွဲခြင်းကြောင့် မြစ်ကြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေခြင်း၊ သဘာဝမြေဆီလွှာဆုံးရှုံးမှု သက်သာစေခြင်း၊ သဘာဝမြေ မျက်နှာပြင် ပျက်စီးမှုကာကွယ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျော့ချ နိုင်ခြင်း၊ စိုက်ပျိုးမြေများဆုံးရှုံးခြင်းနှင့် သစ်တောများ ပြုန်းတီးခြင်းတို့ကို ကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လေထုညစ်ညမ်းမှုတို့ကိုလည်း လျှော့ချနိုင်ကြောင်း သိရှိရပါ သည်။


