ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့်နည်းလမ်း (IGM) ကို အကောင်အထည်ဖော်နိုင်ရန် အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation (IFC) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ရင်းနှီးမြှုပ်နှံသူ ၏နစ်နာမှုဖြေရှင်း သည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ Royal Hinthar Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်း သည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲ ကို အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ညောင်ဦးမြို့သစ် (ပုဂံ) တွင် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်နေ့က ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ကျင်းပသည့် ဆွေးနွေးပွဲမှာ ဒုတိယအကြိမ် ဖြစ်ပြီး အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ဖြစ်ပါ သည်။

ညှိနှိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံ သူ၏ နစ်နာမှုဖြေရှင်းသည့် နည်းလမ်း (IGM) ၏အရေးပါမှုကို သိရှိနားလည်ရန်၊ အခြားနိုင်ငံများ၏ ကောင်းမွန်သော အလေ့အကျင့်များနှင့်အတူ IGM ၏ဖြစ်နိုင်ချေရှိသော ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးရန်၊ ရင်းနှီးမြှုပ်နှံမှုနစ်နာမှုဖြေရှင်းသည့် နည်းလမ်းများကို အကောင် အထည်ဖော်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ များ၏ အခန်းကဏ္ဍကို နားလည်စေရန် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူ၏နစ်နာမှုဖြေရှင်းသည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲသို့ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ ပြည်နယ် နှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များအပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာနမှ အရာထမ်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်၊ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်နှင့် IFC မှ Country Officer ဖြစ်သူ ဒေါ်ခင်သီတာမော်တို့မှ အဖွင့်အမှာ စကားအသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က The Activities of Investors’ Assistance Committee and Challenges ခေါင်းစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေးကော်မတီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များနှင့် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ၊ ကော်မတီဖွဲ့စည်းပြီးနောက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူMr. SufianJusohမှ The Concept and Function Investor Grievance Mechanism (IGM) and the Best Practice of IGM ခေါင်းစဉ်ဖြင့်လည်းကောင်း၊BLP Law Firm မှ Partner ဖြစ်သူ Mr. Chris Hughes မှ Myanmar Investment Law: The Proposed Legal Framework for Investor Grievance Mechanism and Key Policy Considerations ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီးဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲ မွန်းလွဲပိုင်းတွင် နိုင်ငံတကာတွင် အမှန်တကယ်ဖြစ်ပွားခဲ့သော ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းရမည့်နည်းလမ်းများကို Case Study ပြုလုပ်၍ အဖွဲ့လိုက် ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ညနေ ၄:၃၀နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။