
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ရန်ကုန်၊ စက်တင်ဘာ ၂၅)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့ One Stop Service (OSS) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးနှင့် OSS ရုံး၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေး အတွက် Online စနစ် အသုံးပြု ဆောင်ရွက် ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်စေရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေးကိစ္စများကိုလည်းကောင်း၊ စံပြုလုပ်ထုံးလုပ်နည်းများ အတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်သွက်လက်လာရေး ကိစ္စများကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ပံ့ပိုးဆောင်ရွက် ပေးနိုင်မှုအခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအသိုက်အဝန်း၏ အားကိုးယုံကြည်ရသည့် မိတ်ဖက်ဌာနများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အလေးထားမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် Online စနစ် ဆောင်ရွက်ရန်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြည်တွင်း၌ မြေဩဇာထုတ်လုပ်မှု မြှင့်တင်ရေး၊ မြေဩဇာထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ မြေဩဇာထုတ်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးနှံရာသီအလိုက် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးကိစ္စရပ် များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။