
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၁၈) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ယခုနှစ်ပြပွဲ၏ ဆောင်ပုဒ်မှာ “အရည်အသွေးရှိ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးခြင်း” (Advancing Quality BRI Cooperation, Promoting Sustainable Development) ဟူ၍ ဖြစ်ပါသည်။
အဆိုပါ (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်းအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏ ဗွီဒီယိုမိန့်ခွန်းကို ပေးပို့၍ ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက် ဦးတည်၍ SMART Programmes ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင် (SDG) များနှင့်အညီ မြန်မာနိုင်ငံက မူဝါဒလုပ်ငန်းစဉ်များရေးဆွဲကာ ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံများနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ခိုင်မာမှုအခြေအနေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံအသီးသီး၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုလည်းကောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး ပိုမိုအားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကိုလည်းကောင်း၊ ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံအသီးသီး၏ ထုတ်ကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အခွင့်အလမ်းများကိုလည်း အွန်လိုင်းစနစ်အပါအဝင် စိတ်ဝင်စားဖွယ် ခင်းကျင်း ပြသလျက်ရှိပါသည်။


