
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited (GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို လုပ်ငန်းတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီ၏ ဉက္ကဋ္ဌဖြစ်သူ ဉီးဌေးမြင့်က လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ ငါးသားပေါက် ထုတ်လုပ်မှုအခြေအနေများ၊ Modern Steel Tank နှင့် Eco and Smart Growout နည်းပညာသစ် အသုံးပြု၍ ငါးမွေးမြူထုတ်လုပ်မှုအခြေအနေများ၊ ငါးအစာ၊ ငါးပေါင်းမှုန့်၊ ငါးဆီထုတ်လုပ်နိုင်မှုအခြေအနေများ၊ ငါးအစာတောင့်နှင့် အအေးခန်းစက်ရုံ ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များတိုးမြှင့်နိုင်ရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ရေး၊ နည်းပညာ မြှင့်တင်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်ရေးနှင့် နည်းပညာသစ်များဖြန့်ဝေမြှင့်တင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုစနစ် တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြန်လည်အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီ၏ ငါးသားဖောက်စခန်း(Hatchery) များ၊ Aqua Feed Factory အစာတောင့်စက်ရုံ၊ Modern Steel Tank ငါးမွေးကန်များ၊ Eco & Smart Growout ငါးမွေးကန်များ၊ ငါးအခြေခံ စားသောက်ကုန်ထုတ်စက်ရုံ၊ အအေးခန်းစက်ရုံများ၊ Fish Powder Factory (ငါးဟင်းခတ်မှုန့်)စက်ရုံများ၊ ငါးဖမ်းဆီးထုတ်လုပ်နေမှုများနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါလုပ်ငန်းသည် စနစ်ဟောင်းငါးမွေးမြူခြင်းမှ ခေတ်မီစနစ်ဖြင့် တစ်နေရာတည်း၌ ခေတ်မီငါးသားပေါက်ထုတ်လုပ်ခြင်း၊ ခေတ်မီးစနစ်ဖြင့် ငါးမွေးမြူခြင်း၊ အသားတိုးမွေးမြူခြင်းနှင့် အစာထုတ်လုပ်ခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှု၊ အခဲခံမှု၊ ငါးကုန်ချောထုတ်လုပ်မှု၊ အအေးခန်းသိုလှောင်မှု နည်းစနစ်များပါဝင်၍ ငါးနှင့်ပတ်သက်သော စားသောက်ကုန်များ ထုတ်လုပ်ပြီး မြန်မာ့ရေထွက် ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
