
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဦးကျော်ဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍစုံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မကွေးမြို့တော်ခန်းမတွင် ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်ဝင်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေါက်တာ အောင်မိုးညို တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍ၏ အရေးပါမှု၊ စိန်ခေါ်မှုများကိုမဟာဗျူဟာချမှတ်၍ အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိကာလမှာနိုင်ငံလုံးချီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်မှသာလျင် မိမိတို့လိုချင်သည့်ပန်းတိုင်ကိုလျင်မြန်စွာရောက်ရှိနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးမှမကွေးတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလား အလာများ၊ ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် ရှိသည့်အတွက် ၎င်းမှ ရရှိလာမည့် အကျိုး များကို ဒေသလုပ်ငန်းရှင်များ ရယူနိုင်ရေး၊ ဒေသ၏အားသာချက်များ၊ နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက် လျက်ရှိသည်များကို ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ မေးမြန်းလာသည့် ကုမ္ပဏီဖွဲ့စည်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ ကိုအကျယ်တဝင့် ပြန်လည် ဖြေကြားပေးခဲ့ပါသည်။
ဆွေးနွေးပွဲသည် ယင်းနေ့ ညနေ ၆ : ၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။


