
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၀၃/၂၀၁၈ ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ၅၅ ပါ ပြဋ္ဌာန်းချက်အရ လက်ရှိလည်ပတ်ဆောင်ရွက်လျက်ရှိသော ဦးစားပေး စက်မှုလက်မှု ကဏ္ဍ (၉) ခုအောက်ရှိ စက်ရုံ/အလုပ်ရုံများအား ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP) ကို သတ်မှတ်အချိန်ကာလအတွင်း အပြီးရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ပါသည်။
၂။ ထပ်မံ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၆/၂၀၁၉) ဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲတင်ပြခြင်းမပြုရသေးသည့် စက်ရုံ၊ အလုပ်ရုံများအား အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ (၆) လအတွင်း နောက်ဆုံးထား၍ ရေးဆွဲတင်ပြရန် နှင့် တိုးမြှင့် သတ်မှတ်သည့် အချိန်ကာလအတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် သို့မဟုတ် ပျက်ကွက် သည့် စက်ရုံ၊ အလုပ်ရုံများအား တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိရောက်စွာအရေးယူခြင်း သို့မဟုတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၂ အရ တရားစွဲဆိုခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနေဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP) အား အမိန့်ကြော်ငြာစာအမှတ် (၁၁၆/၂၀၁၉) ပါ သတ်မှတ်အချိန်ကာလအတွင်း အပြီးရေးဆွဲ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်