
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀) ဦးတက်ရောက်ကြပါသည်။
အစည်းအဝေးတွင်ဆောင်ရွက်ဆဲလုပ်ငန်း (၇)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇)ခုကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၆၂.၆၉၃) သန်းနှင့် ကျပ် (၇၃,၂၀၆.၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၆၆၂)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀.၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဉယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၁၈၀) သန်း ရင်းနှီး မြှုပ်နှံမည့် လုပ်သားအင်အား (၂,၃၀၀) ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်ပါသည်။
COVID-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောလျင်စွာ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၅၂%)ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏(၂၆.၄၄%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၂၈%) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။


