
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် စက်မှုဇုန် စွန့်ပစ္စည်းများအား သိမ်းဆည်းစုဆောင်း စွန့်ပစ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် အဆိုပါ လုပ်ငန်း အတွက် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား ပြည်ပမှ တင်သွင်းခြင်းမပြုဘဲ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် TYTC Services Co., Ltd. သို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို အဆိုပါ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဝင်းနှင့် ဒါရိုက်တာ ဒေါ်ယဉ်ယဉ်အေးတို့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း လုပ်ငန်းစတင်ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများ ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းအမြန် စတင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ ၊ စက်မှုဇုန် စွန့်ပစ်အမှိုက်များ သိမ်းဆည်းစုဆောင်း စွန့်ပစ်ရာတွင် သက်ဆိုင်ရာ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ ခံတွင်းနှင့် တစ်ကိုယ်ရည် ကျန်းမာရေး ဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Colgate-Palmolive (Myanmar) Limited သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများ၊ ကုန်ပစ္စည်း ထုတ်လုပ်နေမှုအခြေအနေများကို တာဝန်ရှိသူများက တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ သွားနှင့် ခံတွင်းကျန်းမာရေးအသိပညာပေး အစီအစဉ် များကို ကုမ္ပဏီ၏ လူမှုရေးဆိုင်ရာ တာဝန်ယူမှု (Corporate Social Responsibility) အစီအစဉ်များ အဖြစ် ဆောင်ရွက်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ကူညီဆောင်ရွက် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ ခရီးသည်တင်ယာဉ်များအား CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ သည့် SC Auto (Myanmar) Co., Ltd. သို့ ရောက်ရှိခဲ့ရာ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Tan Siow Chua ၊ ဒါရိုက်တာ Ms. Lee Swee Hoon တို့က Video Conference စနစ်ဖြင့်လည်းကောင်း၊ ကုမ္ပဏီ၏ Sale & Marketing Manager ဒေါ်စုမြတ်နိုင်အောင် က Power Point ဖြင့်လည်းကောင်း မော်တော်ယာဉ် ထုတ်လုပ်မှုအခြေအနေများ၊ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသည့် အခြေအနေများနှင့် ထုတ်လုပ်ပြီး လူစီးဘတ်စ်ယာဉ်များအား ပြည်ပသို့ တင်ပို့မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပသို့ မော်တော်ယာဉ်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်း များကို တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ လျှပ်စစ်ခရီးသည်တင်ယာဉ် (E-Bus) များကို ပြည်တွင်းဈေးကွက်၌ ထုတ်လုပ်ဖြန့်ချီနိုင်ရေးနှင့် လိုအပ်သည့် ယာဉ်ပစ္စည်း အစိတ်အပိုင်းများ တင်သွင်းရာတွင် အခက်အခဲ များ မပေါ်ပေါက်စေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
SC Auto သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် SC NEUSTAR အမှတ်တံဆိပ်ဥရောပ စံချိန်စံညွှန်းမီ ခရီးသည်တင် ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ စက်ရုံမှ တစ်နှစ်လျှင် ဘတ်စ်ကားစီးရေ ၆၀၀ အထိ CKD စနစ်ဖြင့် ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု၏ ၅၀% နှုန်းကို အာဆီယံနိုင်ငံများသို့ တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ ကုမ္ပဏီသည် စင်္ကာပူ နိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံ၌လည်း လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။