
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
(နေပြည်တော်၊ နိုဝင်ဘာ ၃ )

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
ယခုအစည်းအဝေးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(ကာလတို)၏ ပထမဆုံး အစည်းအဝေး ဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၉)ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် (၁၃) ခု ကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ (၂၀၄.၈၃၈)သန်းနှင့် ကျပ်သန်း(၂၂၅,၅၂၀.၀၁၅) ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၉၇၂) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်သည် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ဖြစ်ပြီး ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများရှိနေချိန်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃.၈ ဘီလီယံနီးပါး အထိဝင်ရောက်ခဲ့ပြီး လျာထားချက်၏ ၆၅ ရာခိုင်နှုန်း ကျော်ရရှိခဲ့ပါသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသ ပေါင်း ၅၁ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅.၁၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၂၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထား ပါသည်။