
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဉီးသောင်းထွန်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှလည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာ ဒေသများမှလည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၉)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်း အသစ် (၈)ခု ကိုခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁၃၅.၁၄၄) သန်းနှင့် ကျပ် (၅၄,၁၁၅.၇၂၃) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၀၀၈) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့ အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာ (၁၁၅) သန်း တန်ဖိုးရှိပြီး လုပ်သားအင်အား (၁,၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ ရောင်းချခြင်း လုပ်ငန်းလည်း တစ်ခု အပါအဝင်ဖြစ် ပါသည်။
COVID-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရာက်မှုများ ရှိသော်လည်း ပြည်ပရင်းနှီး မြှုပ်နှံမှုများသာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောလျင်စွာ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၀ပြည့်နှစ် ဇွန်လ ကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၆.၅၂%) ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၄၄%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၂၈%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။


